ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ အားလက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ၏ အကြမ်းဖက်ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသ၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းထားရှိမှုနှင့် Unique ID ကတ် စိစစ်ဆောင်ရွက်ပေးမှုအခြေအနေ၊ ၎င်းတို့အနက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ကိုင်ဆောင်ထားသည့် ကုလသမဂ္ဂဝန်ထမ်းအချို့ကို ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ၊ ခရီးသွားလာခွင့်နှင့် ယာယီနေထိုင်ခွင့် တောင်းခံထားသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် ခွင့်ပြုချက် ရရှိနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်း၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းများ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးနေမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့်လည်း ၎င်းတို့၏ဝန်ထမ်းများကို စနစ်တကျ ထိန်းသိမ်းကြပ်မတ်၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။  
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်