ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/ ၇) ရှိ နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ Naypyitaw State Academy (NSA) တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ဧပြီ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦ ဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် တည်ဆောက်နေသည့် နဝင်းချောင်းတံတား အရှည်ပေ (၁၉၀) အား မူလ (၂) လမ်းသွားတံတားမှ (၄) လမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်စေရေးနှင့် ရေလမ်းကြောင်းမှန်ကန်စေရေး တွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ မိုးတွင်းကာလ ရောက်တော့မည်ဖြစ်၍ တံတားတိုင် လုပ်ငန်းများနှင့် မြေကာနံရံလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံးစက်ယန္တရားများ စနစ်တကျသုံးစွဲစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် Naypyitaw State Academy ရှိ (၄) ထပ် စာသင်ဆောင်နှင့် (၆) ထပ်စာသင်ဆောင်များ ဆောင်ရွက်ပြီးစီးမှုအား လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လုပ်ငန်းအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall) တည်ဆောက်မည့် နေရာနှင့် Naypyitaw State Academy ပင်မဆောင်အရှေ့ မြေကွက်လပ်တွင် အပန်းဖြေဥယျာဉ်ငယ် (Recreation Park) ပြုလုပ်မည့်နေရာတို့တွင် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် လျာထား စီမံချက်များနှင့် ဒီဇိုင်းပုံစံများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Recreation Park အား ဒီဇိုင်းရေးဆွဲရာ၌ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပရန်နှင့် အမြင်တင့်တယ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်တက်ရောက်သည့် ကျောင်းသား / ကျောင်းသူများ အဆင့်တန်းရှိရှိ နားနေအပန်းဖြေနိုင်မည့် ဒီဇိုင်းပုံစံဖြစ်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်နှင့် လိုက်လျောညီထွေဖြစ်မည့် စိန်ပန်း၊ ပိတောက်၊ ခ‌ရေ၊ ကံ့ကော်တို့ဖြင့် လှပဝေဆာစေရေး စနစ်တကျ ပုံစံရေး ဆွဲရန်တို့ကို တာဝန်ရှိသူအားမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်