ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၆

နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမဏ္ဍပ်တို့၌ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေနေမှု၊ ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ညီညီညာညာ ယိမ်းနွဲ့ကပြဖျော်ဖြေနေမှုနှင့် စတုဒိသာမဏ္ဍပ်တွင် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ပါဝင်ဖျော်ဖြေခဲ့ကြသည့် ကိုရီးယားနိုင်ငံ K-Pop အနုပညာရှင်များနှင့် Bomstar Company မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ပေးအပ်

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များကို နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် ဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

သတင်းစဉ်