နေပြည်တော် ဇန်နဝါရီ ၁၃

 

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာနှင့် မြန်မာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအခြေအနေအကြောင်း တရားများကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မီဒီယာ၏ သဘောသဘာဝကို နားလည်ပြီး မိမိတို့ ကိုယ်တိုင် သတင်းမှန်များကို ပိုင်းခြားသိရှိရန်နှင့် ပြည်သူလူထုကို သတင်းအမှန်များ မျှဝေပေးရန် လိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

 

ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအတွက် နေပြည်တော်သို့ရောက်ရှိစဉ် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ကိုယ်တိုင်သိရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ဝန်ထမ်းများကိုယ်တိုင် အတွေးအခေါ်၊ အယူအဆ ရင့်သန်ရန်နှင့် စိတ်ဓာတ်ကောင်းမွန်ရန် လိုအပ်ပြီး မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များ ပေါက်မြောက်အောင်မြင်စေရေးအတွက် ဝန်ထမ်းများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်လာစေရေးသည် အရေးကြီးသည့်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက သင်တန်းများ နှစ်စဉ်ဖွင့်လှစ်၍ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည် ကို အသိအမှတ်ပြုပါကြောင်း။

 

မိမိဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အချိန်မီပြီးမြောက်အောင် ဆောင်ရွက်သည့်အခါ Hard Skill သာမက Soft Skill ပါ ကျွမ်းကျင်မှုရှိရန် လိုအပ်သဖြင့် အမြဲမပြတ် လေ့လာသင်ယူစေလိုကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုသစ်လွင်ကောင်းမွန်သည့် တီထွင် ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ မိမိတို့၏ ရည်မှန်းချက်တာဝန်များ ပိုမို အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သတင်းစဉ်