ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး

နေပြည်တော်၊ ဧပြီ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ “လှ” အထည်အလိပ်လုပ်ငန်းသို့ရောက်ရှိပြီး အထည်စက်ရုံများမှ ထွက်ရှိသော အထည်ဖြတ်စ၊ ညှပ်စများကို ဂွမ်းအဖြစ် ပြန်လည်ပြုလုပ်ပြီး ဂွမ်းမှ အမှတ်(၇)ချည်မျှင်နှင့် အမှတ်(၁၀) ချည်မျှင်များ ပြန်လည်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ကျောက်ကာကွင်း ကျေးရွာရှိ Myanmar Integrated Engineering Group ကုမ္ပဏီသို့ရောက်ရှိပြီး ဝါဂွမ်းချည်မျှင် ထုတ်လုပ်နေမှု၊ ချည်နှင့်ပိတ်များ ဆေးဆိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာလေးရွာ၊ အိမ်ထောင်စု ၁၈၉၁ စု ၊ လူဦးရေ ၆၈၉၉ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မှော်ဘီမြို့နယ်၊ ဖူးကြီး-တံခွန်တိုင်ကျေးရွာ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရွှေမြယာကျေးရွာအုပ်စု၊ ရွှေမြယာကုန်း ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာထည့်ဝင်ငွေ ကျပ်သိန်း ၂၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်ကို ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့်လည်း ဌာန၏လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာန၏ လမ်း၊တံတား လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဂိုဒေါင်အတွင်း စက်၊ ယာဉ်၊ ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓါတ်ခွဲစမ်းသပ်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီရေး ဓါတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်