ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပရန် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ ရှင်သန်အောင်မြင်မှု  ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည့် မြေနေရာ ၆ဒသမ၆ ဧက မြေနေရာရှင်းလင်းခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ မြေဆွေးထည့်ခြင်းနှင့် ကျင်းဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ယခု မိုးရာသီအကြို သစ်ပင်စိုက်ပွဲတွင် စီးပွားရေးအရ အရေးပါသော ကျွန်း၊ ပျဉ်းကတိုးသစ်မျိုးများ၊ ရာသီအလိုက် ပန်းပွင့်သည့် သစ်မျိုးများ၊ အကြီးမြန်သစ်မျိုးများနှင့် အရိပ်ရ လေကာသစ်မျိုးများ စုစုပေါင်းသစ်မျိုး ၁၃ မျိုး၊ ပျိုးပင်ပေါင်း ၁,၉၈၀ ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ၃၇၁ ကြိမ်၊ ပျိုးပင် ၂၂၆,၀၀၀ ကျော် စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၃ ရှိ မြေနေရာ ၇ ဒသမ ၅၃ ဧကအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သော သစ်ပင်များ၏ ရှင်သန်အောင်မြင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ၂၀၂၂ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၃၅ မျိုး ပျိုးပင် ၃၃၇၂ ပင်စိုက်ပျိုး ခဲ့ပြီး ယခုအခါ ရှင်သန်ပင်  ၉၇ ရာခိုင်နှုန်း၊ ပျမ်းမျှအပင်အမြင့် ၇ ပေ ၆ လက်မ နှင့် အမြင့်ဆုံး အပင်အမြင့်မှာ ၁၀ ပေ ၆ လက်မ ရှိကြောင်း သိရသည်။

သတင်းစဉ်