ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တတိယအကြိမ်မြောက် မြန်မာစွန့်ဦးတီထွင်ပွဲတော်အား ကြည့်ရှုအားပေး

ရန်ကုန် ၅ သြဂုတ်

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည့် တတိယအကြိမ်မြောက်၊ မြန်မာစွန့်ဦး တီထွင်ပွဲတော်(Myanmar Entrepreneurs Carnival 2018) သို့ ရောက်ရှိပြီး ပွဲတော်တွင်ပြသထားသည့် စက်မှု ဝန်ကြီးဌာနမှ ဒီဇိုင်းတီထွင်ထုတ်လုပ်ထားသည့် Mobile Vocational Training Truck နှင့် Mobile Mart တို့အား ကြည့်ရှု့စစ်ဆေးကာ အများပြည်သူများ ကြည့်ရှု့ လေ့လာနိုင်ရေးနှင့် လက်တွေ့ကျကျ သင်ကြားပို့ချရေး၊ ရွေ့လျှားလျှပ်စစ်သင်တန်း ကားဖြင့် နယ်လှည့်သင်တန်းပို့ချနေမှုများကို ထိရောက်အောင်မြင်စေရေန်၊ ပြည်သူများ နားလည်လွယ်သည့် သင်ရိုးညွှန်းတမ်းများဖြင့် လက်တွေ့ကျကျ သင်ကြားပို့ချပေးရေးကို အသေးစိတ်မှာကြားသည်။ ရွေ့လျှားလျှပ်စစ်သင်တန်းကို မကြာမီ မြစ်ကြီးနားမြို့၌ ဖွင့်လှစ်သင်ကြားပေးရန် သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ ပို့ချပေးမည် ဖြစ်ကြောင်းနှင့် Mobile Mart ရွေ့လျားဈေးကားဖြင့်လည်း လိုအပ်သော နေရာဒေသများသို့ လှည့်လည်၍ စက်မှုထုတ်ကုန်နှင့် ပုဂ္ဂလိက ပူးပေါင်းထုတ်လုပ် သူများ၏ ပစ္စည်းအမျိုးမျိုးကို လှည့်လည်ရောင်း ချပေးလျက်ရှိသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တပ်မတော်ခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် မြန်မာစွန့်ဦးတီထွင်ပွဲတော် (၂၀၁၈) ပြခန်းများအား လိုက်လံကြည့်ရှု့အားပေးရာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြခန်းအတွင်း လှည့်လည်ကြည့်ရှု့၍ လူငယ် များ စွန့်ဦးတီထွင်မှုများကို ပြုစုပျိုးထောင်ပေးရေး၊ ထူးခြားထက်မြက်သည့် အတွေးအခေါ်များ ရရှိစေရန် လက်တွေ့သင်တန်းပေး၍ ပြုစုပျိုးထောင်နေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရေး၊ လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်မှုရှိသော လက်တွေ့ကျသည့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးရေး၊ နိုင်ငံတကာမှ IT နည်းပညာများ လက်တွေ့လူမှုဘဝတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ပြုစုပျိုးထောင်ပေးရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်အတွက် အရင်းအမြစ်များဖြစ်သည့် လူငယ်များကို ယခုမှပင် စနစ်တကျ ပြုစုပေးရေး၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို အသေးစိတ် ညှိနှိုင်းပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပွဲတော်အတွင်း ပြသထားသော ပြခန်းများအား ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှု့အားပေးသည်။

 

အဆိုပါ ပွဲတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်အသင်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ IT နည်းပညာဝန်ဆောင်မှု လုပ်ငန်းများ၊ စက်မှု့ထုတ်ကုန်ပစ္စည်းများ စုစုပေါင်း ပြခန်း(၁၁၀) ပါဝင်ခင်းကျင်း ပြသထားသည့်အပြင် စွန့်ဦးတီထွင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများကျင်းပပြီး သြဂုတ် (၃)ရက်မှ သြဂုတ် (၅)ရက်အထိ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရှိသည်။

 

(သတင်းစဉ်)