ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် တီးတိန် - တွန်းဇန် - ကျီခါးလမ်းနှင့် နတ်ဇန် တံတားကြံ့ခိုင်မှုတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၃ အောက်တိုဘာ

           

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁၀)မှ တီးတိန် - တွန်းဇန် - ကျီခါးလမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ကျောက်စီမြေထိန်းနံရံများနှင့် ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက်ထား ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

1

           

ထို့နောက် တီးတိန် - တွန်းဇန် - ကျီခါးလမ်းပေါ်ရှိ နတ်ဇန်တံတား၌ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားပြီး တံတားကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။

1

           

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တွန်းဇန်မြို့နယ် တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် နေသော ဇမ်ပီး - လွောင်အဲလ် - တွီးမန်း - ဗိုင်းဗက် - လိန်ထုတ် - ဟိုင်ကျင်း ကျေးလက် လမ်းကို ကြည့်ရှုစစ်ဆေးသည်။    ဇမ်ပီး - လွောင်အဲလ် - တွီးမန်း - ဗိုင်းဗက် - လိန်ထုတ် - ဟိုင်ကျင်းလမ်းသည် အရှည်(၃၆)မိုင် (၄)ဖာလုံရှိပြီး ကျေးရွာ ၂၅ ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ကို အကျိုးပြုမည့် လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

           

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မွန်းလွဲပိုင်းတွင် ကျီခါးမြို့ နယ်စပ်လမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

(သတင်းစဉ်)