ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား အပြန်အလှန် အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနား တက်ရောက်

နေပြည်တော်  ၄   နိုဝင်ဘာ 

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Association for Science and Technology (CAST)တို့အကြား အပြန်အလှန် အသိအမှတ်ပြု အစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး Function Hall ၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အင်ဂျင်နီယာလုပ်ငန်းများကို နိုင်ငံတော်အဆင့်၊ ပုဂ္ဂလိက အဆင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် တရုတ်နိုင်ငံသား အင်ဂျင်နီယာပညာရှင်များ၏ မှတ်ပုံတင်ပေးရေးသည် အရေးကြီးပြီး နိုင်ငံတော်နှင့် အင်ဂျင်နီယာထုအတွက်ပါ အကျိုးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အခြားသော အာဆီယံအဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ နိုင်ငံခြားသား အင်ဂျင်နီယာများ ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်၍ ယခုကဲ့သို့ နိုင်ငံတကာအဆင့် အင်ဂျင်နီ ယာပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဆောင်ရွက်နေမှုများ နှင့် China Association for Science and Technology (CAST)မှ ဒုတိယဥက္ကဋ္ဌ Mr. Meng Qingnai က နှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် China Association for Science and Technology (CAST) ဒုတိယဥက္ကဋ္ဌတို့က အပြန်အလှန်အသိအမှတ်ပြု အစီအစဉ် သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ  နာယကများနှင့်  ကောင်စီဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း ဗိသုကာကောင်စီ ဥက္ကဋ္ဌများနှင့် ကောင်စီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)