ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးကဏ္ဍနှင့် ပတ်သက်၍ နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲတက်ရောက်

နေပြည်တော်  ၂၀  နိုဝင်ဘာ

 

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Road and Bridge Corporation (CRBC) တို့ ပူးပေါင်းပြီး လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးကဏ္ဍနှင့် ပတ်သက်၍ နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲကို ယနေ့ နံနက်  ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နည်းပညာဖလှယ်ရေး အစီအစဉ်တွင် “Life protection engineering in China”၊ “Research and Application of Roadside Safety Facilities in China” နှင့် “Quality Management of Transportation Infrastructure Products” စသည့် ခေါင်းစဉ်များ ပါဝင်မည်ဖြစ်ပြီး ယခုဆွေးနွေးမည့် ခေါင်းစဉ်များသည် အခြေခံအဆောက်အအုံ တည်ဆောက်ရာတွင် များစွာအကျိုးကျေးဇူးရရှိမည် ဖြစ်ကြောင်း။

 

နည်းပညာဖလှယ်သည့် အစီအစဉ်တွင် Road Safety နှင့် ပတ်သက်၍ လက်တွေ့ ကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်ကို မုံရွာ - ပုလဲ - ဂန့်ဂေါ လမ်းပိုင်းအား ရွေးချယ်ထားပြီး (၂) ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခု နည်းပညာဖလှယ်သည့် အစီအစဉ်မှာ လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းခြင်းကဏ္ဍနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာ များအတွက် ဗဟုသုတများစွာ ရရှိစေမည်ဖြစ်ပြီး Capacity building တည်ဆောက်ရာတွင် များစွာအကျိုးကျေးဇူး ရရှိမည်ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည့် နိုင်ငံတည်ဆောက်ရေး ကဏ္ဍများတွင် စွမ်းရည်မြင့် အင်ဂျင်နီယာ များစွာ လိုအပ်လျက်ရှိပါကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အနာဂတ် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် China Road and Bridge Corporation(CRBC)  Myanmar Office မှ General Manager Mr. Chen Bo က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ယင်းနောက် Research  Institute  of  Highways မှ  Team Leader Dr. Li  Wei က  လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးကဏ္ဍတွင် ပါဝင်သည့် နည်းပညာဖလှယ်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ စာတမ်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များက နည်းပညာဖလှယ်ရေး အစီအစဉ်တွင်ပါဝင်သည့် “ Life Protaction Engineering in China ” ၊ “Research and Application of Roadside Safety  Facilities in China” နှင့် “ Quality  Management of Transportation Infrastructure Products” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုတို့အပေါ် စာတမ်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များက ပြန်လည်ဖြေကြားသည်။

 

ယနေ့ ကျင်းပသည့် နည်းပညာ အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲအစီအစဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ China Road and Bridge Corporation (CRBC) နှင့် Research  Institute  of  Highways မှ ကျွမ်းကျင် ပညာရှင်များသည် Road Safety  နှင့်ပတ်သက်ပြီး မုံရွာ- ပုလဲ -ဂန့်ဂေါ လမ်းပိုင်းအား (၂)ရက်ကြာ လက်တွေ့ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်