ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောနယ်မြေများ၏ နယ်နိမိတ်များ ဆန်းစစ်ခြင်းနှင့် သစ်တောကဏ္ဍဆိုင်ရာ Spatial Database စနစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအပေါ်မှာကြား

နေပြည်တော်  ၂၅  ဇွန်

 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နံနက် ၁၁ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ သစ်တောကဏ္ဍဆိုင်ရာ Geodatabase တည်ဆောက်ခြင်းလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သစ်တော ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောနယ်မြေများ (ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ)၏ နယ်နိမိတ်များအား စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊  သစ်တောနယ်မြေများ၏ GIS Shapefile၊ အမိန့်ကြော်ငြာစာများ အပါအဝင် အခြားဆက်စပ် သတင်းအချက်အလက်များ ပါဝင်သည့် Spatial Database တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကနဦးဆန်းစစ်ခြင်းများတွင် တွေ့ကြုံရ သည့်အခက်အခဲများ၊ ဆုံးဖြတ်ချက်များ၊ စီမံအုပ်ချုပ်မှု များ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည့်စုံ၍ မှန်ကန်တိကျပြီး အချိန်နှင့်တပြေးညီဖြစ်သော သစ်တောကဏ္ဍဆိုင်ရာ သတင်းအချက် အလက်များအား စုစည်းပြုစုပြီး Web based portal တစ်ခုအဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

 

သစ်တောဦးစီးဌာနသည် သစ်တောကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များအား ပိုမို အားကောင်းစေရေးဆောင်ရွက်ရန်အတွက် Geodatabase တည်ဆောက်ခြင်းအား ဆောင်ရွက် လျက်ရှိပြီး မြေပြင်ဆိုင်ရာသတင်းအချက်အလက်  ၅၆ မျိုး အသုံးပြုလျက်ရှိပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေဆိုင်ရာ အချက်အလက်များ သည် အဓိက အကျဆုံးဖြစ်ပါကြောင်း၊ မြေပုံနှင့် ဆက်စပ်ကိန်းဂဏန်း အချက်အလက်များအား ဒစ်ဂျစ်တယ် စနစ်သို့ ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေပါကြောင်း၊ ယင်းအပြင် နယ်နမိတ် Shape File များစစ်ဆေးခြင်းနှင့် အမိန့်ကြော်ငြာစာများ စုစည်းခြင်းလုပ်ငန်းများ ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအား ကာလတို/ ကာလရှည် ရည်မှန်းချက်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ သက်ဆိုင်ရာ သစ်တောဦးစီးဌာနမှ အသုံးပြုနေသော နယ်နိမိတ်များကွဲပြားခြင်း များအားစိစစ်၍ တသမတ်တည်းဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြေပုံနမူနာများဖြင့် တင်ပြဆွေးနွေးသည်။

 

အဆိုပါ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သစ်တောကဏ္ဍ Spatial database စနစ်တည်ဆောက်ရန် စိစစ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြေရှင်း နိုင်မည့် နည်းလမ်းများအား ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်