ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၀ နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

နေပြည်တော် ၁၈ ဇန်နဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆီရီဘီဂါဝန်မြို့ရှိ The Empire Brunei Hotel ၌ ကျင်းပသည့် အာဆီယံခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေးပြခန်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြခန်းများ၊ နိုင်ငံတကာဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများ၏ ခရီးစဉ်ရောင်းဝယ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် US - ASEAN Business Council (US-ABC) နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမှုများ၊ ဒီဂျစ်တယ်နည်းပညာအခြေခံသည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် US-ABC မှ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြပြီး ညနေပိုင်းတွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၀ ဖွင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၅ ရက်တွင် (၂၃)ကြိမ်မြောက် အာဆီယံ ခရီးသွားလာရေးဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်၍ (၅၁)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးရလဒ်များနှင့်  လုပ်ငန်းအဖွဲ့သို့ တာဝန်ပေးအပ်ခြင်းများကို အတည်ပြုဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ကြိုဆိုဧည့်ခံသည့် Cambodia Night အခမ်းအနားကို တက်ရောက်ခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၆ ရက်တွင် (၁၉)ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံများ၏ ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ပြီး (၃၆)ကြိမ်မြောက် အာဆီယံ + ၃ အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အစည်းအဝေးရလဒ်များ၊ မြန်မာနိုင်ငံမှ ဆောင်ရွက်မည့် တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာများဖြင့် အာဆီယံခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်စာအုပ်ထုတ်ဝေရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင့်နန်းတော်၌ ဘရူနိုင်းဘုရင်နှင့် အာဆီယံခရီးသွားလာရေးဝန်ကြီးများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလာရေးဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၀ ၏ အာဆီယံခရီးသွားလုပ်ငန်းဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၀ ပိတ်ပွဲအခမ်းအနားတို့ကို တက်ရောက်ခဲ့သည်။

 

အဆိုပါ ဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel ဆုအတွက် Thingaha Hotel (နေပြည်တော်)၊ Hilton Hotel (နေပြည်တော်)၊ M Gallery Hotel (နေပြည်တော်)၊ Yandabo Home (မန္တလေး)နှင့် Sanctum Inle Resort (ရှမ်းပြည်နယ်)တို့က လည်းကောင်း၊ ASEAN Clean Tourist City ဆုအတွက် လွိုင်ကော်၊ ထားဝယ်နှင့် တောင်ကြီးမြို့တို့က လည်းကောင်း၊ ASEAN Sustainable Tourism ဆုအတွက် မြိတ်နှင့် မြိုင်ခရီးစဉ်ဒေသတို့က လည်းကောင်း၊ ASEAN MICE Venue ဆုအတွက် Wyndham Grand Yangon Hotel (ရန်ကုန်)နှင့် M Gallery Hotel (နေပြည်တော်)တို့က လည်းကောင်း အသီးသီးရရှိကြသည်။

 

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၁ ကို ကမ္ဘောဒီးယားနိုင်ငံမှ “ASEAN – A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် အာဆီယံ - ကိုရီးယား စင်တာမှ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုများ မြှင့်တင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးပညာ သင်တန်းကျောင်း တည်ဆောက်ရေးအတွက် ကိုရီးယားနိုင်ငံအစိုးရနှင့် လိုအပ်သည့်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

သတင်းစဉ်