ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့်အဖွဲ့အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော် ၉  ဧပြီ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator, Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် ၄၀/၄၂၊ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ် ပြုပြင်မွမ်းမံမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ဧပြီလကုန်အထိ နိုင်ငံတကာအသွားအလာများ ရပ်ဆိုင်းနေပါက ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်ပင် နည်းလမ်းရှာဖွေဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ်ကာလအတွင်း Online မှတစ်ဆင့် သင်တန်းများ စီစဉ်ဆောင်ရွက်ရေးနှင့် ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု သင်တန်းများနှင့် အခြားဘာသာရပ်ဆိုင်ရာ သင်တန်းများကို Online စနစ်ဖြင့် စဉ်ဆက်မပြတ် ပို့ချနိုင်ရေးဆိုင်ရာများကို မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ Online ဖြင့် သင်တန်းများပို့ချရန် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် Center for Tourism Development ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးသည်။

ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်