ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပူတာအိုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

နေပြည်တော်  ၁၃  ဇန်နဝါရီ 

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှု စက်ချုပ်နှင့် သိုးမွေးထိုးသင်တန်းတို့တွင် တက်ရောက်နေသောသင်တန်းသူများ၏ သင်ကြားလေ့ကျင့်နေမှုများ၊ သင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့ကိုကြည့်ရှု့စစ်ဆေးပြီး လိုအပ်ချက်များ ဆောင်ရွက်ဖြည့်ဆည်းပေးသည်။

 

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူတစ်ဦးက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးတို့ကို တင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးပြီး ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာအပြင် စည်းကမ်း၏တန်ဖိုး၊ အချိန်ကိုတန်ဖိုးထားစနစ်တကျ ခွဲဝေအသုံးချရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာသန်စွမ်းရေးတို့ကို လေ့ကျင့်ပေးသည့်အပြင် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ရန်မှာကြားပြီး ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှု့စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနေဝေးလံခေါင်းပါးသော နယ်စပ်ဒေသလူငယ်များ ပိုမိုလက်ခံ သင်ကြားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသော ကျောင်းသား (၃)ထပ်အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင်သို့ သွားရောက်နိုင်မည့် အထက်ရှန်ခေါင် - ဝါဆာဒမ်း-နမ်ရိုထု-ဇီယာဒမ်းမြေသားလမ်း(၂၂)မိုင်အနက် ဆောင်ရွက်ပြီးစီးနေသော မြေသားလမ်း (၁/၇)မိုင်ကိုကြည့်ရှု စစ်ဆေးသည်။

 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ (ပထမ(၆)လ)ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်နေသောပူတာအို-နမ်ထွမ်ခူး ကျောက်လမ်း (၇/၄)မိုင် တည်ဆောက်ပြီးစီးမှု၊ ပူတာအိုမြို့နယ် လန်းတောင် ကျေးရွာအုပ်စုနှင့် မကပ်မုန်ကျေးရွာအုပ်စု ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ လန်းတောင် ကျေးရွာအုပ်စုမှ မာမိန်ကျေးရွာနှင့် မာမိန်ရှီးဒီကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များနှင့် ဇီးအွန်-လန်းတောင် ကျောက်လမ်းဆောင်ရွက်ပြီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

IMG