ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့်အဖွဲ့သည်  ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဒီဇင်ဘာ ၂၁ ရက်တွင် ဖလမ်းမြို့နယ်အတွင်း ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အိုင်ကွန် - အိုင်ရ်ဘွာလ်- ကြောင်ဟွေ့- ကော့ဆဲ မြေလမ်း(၃၉/ဝ)မိုင် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးမှ လမ်းအရည် အသွေးကောင်းမွန်စေရေး၊   သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စေတနာထား ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားရန် မှာကြား၍ လမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဖလမ်းမြို့သို့ရောက်ရှိပြီး ဒေသခံမြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။ 

 

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၂ ရက်တွင် ထန်တလန်မြို့နယ် သီကီရ်(ခ) ကျေးရွာသို့ရောက်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သီကီရ်-သဘာဝဥယျာဉ်သွားလမ်း မြေလမ်း (၁၃/၄)မိုင်အနက် ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်း (၆/၄)မိုင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် သီကီရ်ကျေးရွာတွင် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သီကီရ်ကျေးရွာ တိုးချဲ့တည်ဆောက်ရေးအတွက် လမ်း၊ ရေ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့သည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သော သီကီရ်ရေလှောင်တမံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး အဆိုပါရေလှောင်တမံမှ သီကီရ်ဒေသ အတွင်းရှိ ကျေးရွာ(၁၁)ရွာ ရေပေးဝေရေးကိစ္စရပ်များအပေါ် မှာကြားခဲ့သည်။

 

ဒီဇင်ဘာ (၂၃) ရက် နံနက်ပိုင်းတွင် ဟားခါးမြို့မှတစ်ဆင့် ဝေဘူလမြို့သို့ ရောက်ရှိပြီး ဒေသခံမြို့မိ/မြို့ဖများနှင့် တွေ့ဆုံသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ဖလမ်းမြို့နယ်အတွင်းရှိ  ကျေးရွာပေါင်း (၁၃)ရွာ ကိုအကျိုးပြုမည့် အရှည် (၃၉/ဝ)မိုင်ရှိ အိုင်ကွန်- အိုင်ဘွာလ်-ကြောင်ဟွေ့-ကောဆဲ လမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၁၃/ဝ)မိုင်၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၁၃/ဝ)မိုင်နှင့် ၂၀၁၈-၂၀၁၉ ပထမ(၆)လဘဏ္ဍာနှစ်တွင် မြေလမ်း(၂/ဝ)မိုင် စုစုပေါင်း လမ်းမိုင်(၂၈/ဝ)မိုင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဒုတိယ(၁၂)လ ဘဏ္ဍာနှစ်တွင် မြေလမ်း(၅/ဝ)မိုင်နှင့် ကျန်ရှိသည့် မြေလမ်း(၆/ဝ)မိုင်တို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)