ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ နှင့် တွေ့ဆုံ

နေပြည်တော် ၅ နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe ကို ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအပြင် ကုလသမဂ္ဂ၊ NGOs နှင့် INGOs အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းတို့ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဂျပန်ဘာသာစကား သင်တန်းဆိုင်ရာများတွင်  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်