ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းရပ်များ ညှိနှိုင်းဆွေးနွေးမှာကြား

နေပြည်တော် ဇူလိုင် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား video Conferencing  စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၁၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်ချက်များကို အသေးစိတ်မှာကြားဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်ကြသူများက မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Stay at Home သတ်မှတ်ထားရှိသော မြို့နယ်များအခြေအနေ၊ အောက်ဆီဂျင် ရရှိဖြန့်ဖြူးမှု အခြေအနေနှင့် ထပ်မံလိုအပ်မှု အခြေအနေ၊ ကုသပေးနေသည့် ဆေးရုံများရှိ လူနာဝင်ဆန့်မှုများနှင့် ကုသရေးစင်တာ၊ စောင့်ကြည့်ရေးစင်တာများ ကြိုတင်ပြင်ဆင် လျာထားဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ ဝင်/ထွက်ပေါက်များမှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကြန့်ကြာမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ သယ်ဆောင်နိုင်ရေး၊ မသမာသူများ၏ ဈေးတင်ရောင်းချမှုများကြောင့် ဆေးဝါးနှင့် အစားအစာများ ဈေးတက်လာမှု အခြေအနေများကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ထိန်းချုပ်နိုင်ရေး၊ ဆိုရှယ်မီဒီယာများ မဟုတ်မမှန်သော သတင်းများ၊ လူထုအထိတ်တလန့် ဖြစ်စေနိုင်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းမှန်ပြန်ကြားပေးရေး၊ နိုင်ငံတော်မှ ရောဂါထိန်းချုပ်နိုင်ရေးအတွက် တစ်ဆက်တည်း ရုံးပိတ်ရက် ၉ ရက် သတ်မှတ်ပေးထားရာ Stay at Home သတ်မှတ်ချက်များနှင့်အညီ လိုက်နာရေး၊ Volunteer လူမှုကူညီရေးအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ လူထုအတွက် အသိပညာပေးကာလ ကျော်လွန်သွားပြီး ဖြစ်သဖြင့် ရောဂါကူးစက်မှုကို တိုးပွားလာစေမည့် အခြေအနေများကို သတ်မှတ်ထားရှိသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ဒေသန္တရ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ အရေးယူနိုင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်