ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာဌာနမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB)၏ အရှေ့တောင်အာရှဌာနမှ Deputy Director General Ms. F. Cleo Kawawaki ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ မေခလာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ထို့သို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေး အဆင်သင့် ဖြစ်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော UNDP ၊ UNHCR တို့နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်နေမှုများတို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့ကိုပါ ဖိတ်ကြား၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများအား လက်ခံပြီးနောက် နေအိမ်ဆောက်လုပ်ခြင်း၊ Cash for Work စီမံချက်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ လုပ်ငန်းများအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဝန်ဆောင်မှုများပေးနိုင်ရန် UEHRD စီမံကိန်း ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများနှင့် ADB မှ ပူးပေါင်းပါဝင်ရေးကိစ္စရပ်များ၊ အဓိကအကြောင်းအရာများဖြစ်သည့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်တို့အတွက် နိုင်ငံတော်မှ ဆောင်ရွက်နေမှုများ၊ မတူညီသည့် အသိုက်အဝန်းနှစ်ခုကြား လူမှုသဟဇာတမျှတရေးအတွက် စကားဝိုင်းဆွေးနွေးမှုများ၊ အမျိုးသမီးစင်တာများမှတစ်ဆင့် ဆောင်ရွက်နေမှုများ၊ ADB နှင့်ပူးပေါင်းဆောင်ရွက်နေသည့် ရာသီဥတုပြောင်းလဲမှု ဘေးလျော့ပါးရေးလုပ်ငန်းများနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်မှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိ်ုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 
 
(သတင်းစဉ်)