ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား အားပေးထောက်ပံ့

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအား သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

8997

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြကာ ခမွေချောင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းသို့ လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူလျက်ရှိသည့် ကျောင်းသူတစ်ဦးနှင့် ၎င်း၏မိသားစုဝင်များအား တွေ့ဆုံ၍ နှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ ပူးပေါင်း၍ ထောက်ပံ့ငွေ၊ အနွေးထည်နှင့် အားဆေးများကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံခန်းမဆောင်၌ ခမွေချောင်းကျေးရွာမှ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသား (၁၅) ဦးနှင့် ၎င်းတို့၏ မိဘများနှင့်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကား ပြောကြားပြီး ကလေးသူငယ်များအတွက် ထောက်ပံ့ငွေ၊ အားဆေး၊ အနွေးထည်၊ ကစားစရာ၊ အာဟာရမုန့်နှင့် မိသားစုများကို ခရီးစရိတ်များ ထောက်ပံ့ပေးခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ (၁၃)ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါကိစ္စဖြစ်ပြီးပြီးချင်းမှာပင် လိုအပ်သော ကူညီထောက်ပံ့မှုများကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ ပူးပေါင်းပြီး လူကိုယ်တိုင် လာရောက်တွေ့ဆုံ အားပေးခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် မိမိတို့အနာဂတ်ဖြစ်၍ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသည် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်စသည့် အခွင့်အရေးများ ရရှိရမည်ဖြစ်ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အခွင့်အရေးများ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်ချိန်ကာလမှစ၍ အသက်(၂)နှစ်အထိ ကာလသည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် ထိုကာလတွင် အာဟာရဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်သည် ဦးစားပေးပြည်နယ်တစ်ခုဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိလျှင် အစိုးရ၏ ပြည်သူများအတွက် တိုက်ရိုက်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များအားလုံး မျှမျှတတ ခံစားရရှိရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုလို ဖြစ်စဉ်များအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ စစ်တွေမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကျောင်းသူအတွက် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ ပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်နိုင်ပါကြောင်းနှင့် မိမိတို့ တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ယခုလို အားပေးထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး လိုအပ်ချက်များ၊ ကျောင်းအမြန်ပြန်လည်ပြုပြင်နိုင်ရေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၊ လမ်းမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်းနှင့် မြတောင်ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်ရိက္ခာ၊ ငါးသေတ္တာဘူး၊ အနွေးထည်၊ ကလေးအားဆေး၊ အာဟာရမုန့်နှင့် ကလေးကစားစရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ် အစိုးရက တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ စီမံချက်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများ အများဆုံး နေထိုင်ကြသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်သည် ထိပ်ဆုံးမှ ပါဝင်ပါကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်သည် တည်ငြိမ်းအေးချမ်းရေး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်လျက်ရှိသလို ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်အဟုန်ဖြင့် ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း ထားရှိဆောင်ရွက်ကြရန်လို အပ်ကြောင်း၊ လူတစ်ဦးချင်းစီက ငြိမ်းချမ်းလိုစိတ် ထားရှိရန်လိုအပ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ ကြံရွယ်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း၊ ပြုမှုဆောင်ရွက်ခြင်းများသည် ငြိမ်းချမ်းရေးကို ဦးတည်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုရှိသော နေရာများ၌ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်သော်လည်း တည်ငြိမ်အေးချမ်းမှုမရှိဘဲ သွားလာရခက်ခဲသော ဒေသများတွင် အဆိုပါလုပ်ငန်းများ နှောင့်နှေးမှုအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ရခိုင်ပြည်သူအားလုံး မျှမျှတတခံစားရရှိနိုင်ရေး တည်ငြိမ်အေးချမ်းမှုအတွက် အားလုံးပူးပေါင်း ပါဝင်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စခန်းများရှိ တိုင်းရင်းသားပြည်သူများက စားနပ်ရိက္ခာလိုအပ်မှု၊ နေရာထိုင်ခင်းလိုအပ်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး စစ်တွေလေဆိပ်၌ လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူ မခင်မေဦးအား ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူနိုင်ရေး ခေါ်ယူလာခဲ့ပြီး စနစ်တကျ ဆေးကုသမှုခံနိုင်ရန် ရန်ကုန်လေဆိပ်၌ တာဝန်ရှိသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်