ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ် ကျရောက်စဉ် ကာလအတွင်း ပုံမှန်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကြိုတင်ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၈  ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကျရောက်စဉ်ကာအတွင်း ဝန်ကြီးဌာနက ပုံမှန်ဆောင်ရွက် လျက်ရှိသော သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ အလျင်အမြန် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများနှင့် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်  ညှိနှိုင်းဆွေးနွေး သည်။

 

ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုအခါသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရင်ဆိုင်နေရသော ကာလဖြစ်ကြောင်း၊ ပုံမှန်ကျရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ရလျက်ရှိကြောင်း၊ ပုံမှန်ဖြစ်ပွားလေ့ရှိသော မီးလောင်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ မုန်တိုင်း ကျရောက်ခြင်းနှင့် ရေကြီးရေလျှံဖြစ်ခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် အလျင်အမြန် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များပါ ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရင်ဆိုင်နေရချိန် ကာလအတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ကပ်ရောဂါနှင့်ဆက်စပ်၍ ထိခိုက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စီမံဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို အသုံးပြုနိုင်ရန် စနစ်တကျ စုဆောင်းထားရှိရန် လိုအပ်ပါကြောင်း၊ နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပေးကြရန် ပြောကြား သည်။

 

ထို့နောက် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ သဘာဝဘေးစီမံခန့်ခွဲရာတွင် ဖြည့်ဆည်းဆောင်ရွက်ထားရမည့် အစီအမံများ၊ လိုအပ်သော ကာကွယ်ရေးပစ္စည်းများ စုဆောင်းထားရန် ကိစ္စရပ်များ၊ သဘာဝဘေးကျရောက် လာပါက အရေးပေါ်တုံ့ပြန်ရေး စီစဉ်ထားမှုများနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် ဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်