ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၅ ဩဂုတ်

 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက် ၁ နာရီခွဲတွင် ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်နှင့်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ် ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့်အဖွဲ့က လက်တလော ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော အခြေအနေအရ မတ်ပဲအရောင်းအဝယ် ပြုလုပ်ရာတွင် ကုန်စည်ဒိုင်မှသတ်မှတ်ထားသော လက်ငင်းအရောင်း အဝယ်စာချုပ်များကို အဆင့်ဆင့် ပြန်လည်ရောင်းချခြင်း၊ ကုန်ပစ္စည်းမရှိဘဲ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း အစရှိသည့် မှန်ကန်မှုမရှိသည့် ရောင်းဝယ်ဖောက်ကားမှု ပုံစံများဖြစ်ပေါ် နေမှုအပေါ် ဈေးကွက်မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘုရင့်နောင် ကုန်စည်ဒိုင်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်မျိုးစုံကို ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ရောင်းဝယ်သည့် အမျိုးအမည်၊ အရေအတွက်နှင့် ငွေကြေးပမာဏများပြားလွန်းသည့်အတွက် အရောင်းအဝယ် မှန်ကန်မှုရှိစေရေး၊ အရည်အသွေးနှင့် ငွေအပေးအယူကိစ္စများ မှန်ကန်မှုရှိစေရေး၊ ကုန်သည်လုပ်ငန်းရှင်အချင်းချင်း စည်းလုံးညီညွတ်ကြပြီး ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် တိုးတက်အောင်မြင်မှု ရရှိစေရေးတို့အတွက် ကုန်စည်ဒိုင်တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ကုန်စည်ဒိုင်အတွင်း မှန်ကန်သည့်ရောင်းဝယ် ဖောက်ကားမှုပုံစံများ ဖြစ်ပေါ်လာစေရေး၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေရေးအတွက် ဝိုင်းဝန်းထိန်းကျောင်းပေးကြရန် အရေးကြီးကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်