ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်၌ အတာ ရေသဘင်ပွဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

နေပြည်တော်၊ ဧပြီ ၁၅

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေကစား မဏ္ဍပ်ဖြင့် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများယိမ်းအကအဖွဲ့   များက ကပြဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက် စွာပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြတ်နေ့ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ က အတာရေ သဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယိမ်းအကအဖွဲ့မှ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခြင်းကို ကြည့်ရှု အားပေးပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များကို အတာသင်္ကြန် ရေပက်ဖျန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီး နှင့်ဇနီး တို့က ဝန်ထမ်းမိသားစုများနှင့်အတူ ရေပက်ကစားပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များကို မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)