ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ၂၃ မတ်

ရုပ်ရှင်အဆင့်အတန်းမြင့်မားခြင်း၊ မမြင့်မားခြင်းသည် အများပြည်သူအတွက် အကျိုးဖြစ် ထွန်းခြင်း၊ မဖြစ်ထွန်းခြင်းနှင့် ဆက်စပ်နေသည်ကို စဉ်းစားကြည့်လျှင် သိမြင်နိုင်ပါကြောင်း။

ဘာကြောင့်လဲဆိုလျှင် ရုပ်ရှင်သည် အဓိကအားဖြင့် ဖျော်ဖြေမှုပေးသော အရာတစ်ခုအဖြစ် မြင်ကြလေ့ရှိသော်လည်း ရုပ်ရှင်သည် အများကို အင်မတန်ဆွဲ ဆောင်နိုင်စွမ်း ကြီးမားသည့်အတွက် ဖန်တီးသူများသည် ရုပ်ရှင်မှတစ်ဆင့် သူတစ်ပါး ကို မိမိတို့ပေးချင်သည့် အယူအဆများ၊ သဘောထားများ၊ ဖြစ်ပေါ်စေချင်သည့် ခံစား ချက်များ၊ စိတ်ထားများ ထည့်သွင်းပေးနိုင်သည့်အတွက်ကြောင့်လည်း ဖြစ်ပါကြောင်း။

ရုပ်ရှင်ဇာတ်ကားကောင်းများသည် လူအများကို အထူးသဖြင့် လူငယ်များကို စိတ်ဓာတ်ကောင်း၊ စရိုက်ကောင်းများ ဖြည့်ဆည်းပေးနိုင်သလို တချို့ဇာတ်ကားများ သည် မလိုလားအပ်သည့် အပြုအမူ၊ အကျင့်အကြံများ၊ မကောင်းသော စိတ်ထားများ ကိန်းအောင်းသွားစေနိုင်ရန် တွန်းပို့သည်မျိုးလည်း ရှိပါကြောင်း။

ထို့ကြောင့် ရုပ်ရှင်အဆင့်အတန်းမြင့်မားခြင်းဖြင့် အများပြည်သူအတွက် ဖျော်ဖြေ မှုနှင့်အတူ မှန်ကန်သော အသိပညာဗဟုသုတများလည်း တိုးပွားသည့်အတွက် အကျိုး ပြုသည်ဟု ဆိုလိုခြင်းဖြစ်ပါကြောင်း။

တစ်ဖက်တွင် ရုပ်ရှင်သည်အများပြည်သူကို အကျိုးပြုသလို နိုင်ငံ၏ ပုံရိပ်တိုး တက်ရေးအတွက်လည်း အထောက်အကူပြုသည်ဟု ပြောကြားလိုပါကြောင်း။

ကမ္ဘာ့တိုင်းပြည်အသီးသီးမှ ထုတ်လုပ်ဖြန့်ချိသည့်ရုပ်ရှင်များသည် သက်ဆိုင်ရာ တိုင်းပြည်များအတွက် နိုင်ငံတကာက စိတ်ဝင်စားအောင် ၊ နှစ်သက်အောင်၊ အထင်ကြီး အောင်လည်း ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိပါကြောင်း။

မိမိတို့ပတ်ဝန်းကျင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ကြရာတွင် ရုပ်ရှင်အနုပညာကဏ္ဍမှလည်း အင်တိုက်အားတိုက် ကြိုးပမ်းနေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ယနေ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာ့ရုပ်ရှင်လောကသား များ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် မြန်မာ့ရုပ်ရှင်နှင့်တစ်ကွ မြန်မာ့ယဉ်ကျေးမှုအနုပညာများသည် ကမ္ဘာကို ပြန့်နှံ့ပြီး ယဉ်ကျေးမှုများနှင့်အတူ မြန်မာနိုင်ငံ၏ အမည်နာမ၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာလည်း ကမ္ဘာမှာ တိုးတက် မြင့်မား လာမည်ဖြစ်ပါကြောင်း။

ထိုအခါ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲများသည်လည်း ကမ္ဘာက စောင့်မျှော် ကြည့်ရှုရသည့် အတိုင်းအတာအထိ ရောက်ရှိလာပြီး မြန်မာ့ရုပ်ရှင်လောကမှ ထူးချွန် သော အနုပညာရှင်၊ အတတ်ပညာရှင်များသည်လည်း ကမ္ဘာ့အဆင့်အထိ ထင်ရှား ကျော်ကြားသူများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထိုအနေအထား ရောက်ရှိရန်အတွက် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပါအဝင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ကဏ္ဍ နယ် ပယ်စုံမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွား မည်ဟု ကတိပြုပြောကြားလိုပါကြောင်း ပြောကြားသည်။ 

MDN