ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေး သူငယ်ပြုစု စောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲတက်ရောက်၊ အာဆီယံအဆင့်မြင့်ပညာရေးညီလာခံ Webinar တွင် အွန်လိုင်းမှ မိန့်ခွန်

နေပြည်တော် ဇူလိုင် ၂၆

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး၊ H.EMr. Nadiem Anwar Makarim က ကြိုဆို ဧည့်ခံသော Gala Dinner သို့ တက်ရောက်ခဲ့သည်။

 

ယနေ့နံနက်ပိုင်းတွင် အဆိုပါဟိုတယ်၌ အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို  ကျင်းပရာ အင်ဒိုနီးရှား နိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး H.E.Mr. Nadiem Anwar Makarim က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်း ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong က အဖွင့်မိန့်ခွန်းကို video message ဖြင့် ပြောကြားသည်။

 

ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အဆင့်မြင့် အရာရှိကြီးများက သက်ဆိုင်ရာ နိုင်ငံအလိုက် အရှေ့တောင် အာရှ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင် ပြောင်းလဲရေး မူဝါဒဆိုင်ရာများကို ဆွေးနွေးပြောကြားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ရှေးဦး အရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ပညာရေးသည် ကလေးငယ်များ၏ သိမြင်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ပေးသဖြင့် အနာဂတ်ပညာသင်ယူ တတ်မြောက်မှုကို များစွာအထောက်အကူပြုနိုင်ပါကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်း ကွန်ရက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊ အကြံဉာဏ်များ ဖလှယ်ရန် ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဌာန်းကာ ၅ နှစ်မဟာဗျူဟာစီမံကိန်းများ ချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်း တမ်းစိစစ်ရေး၊ ဆရာ အရည်အသွေး မြင့်မားရေး၊ လက်ဦးဆရာ မိဘများ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ လူမှု အသိုက်အဝန်း ပူးပေါင်းပါဝင်ရေးတို့ကို ဦးတည်ပံ့ပိုးလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံ အချင်းအချင်း အတွေ့အကြုံများ၊ အကြံဉာဏ်များဖလှယ်လျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်တွင် ကလေးတိုင်းလက်ခံရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေး ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်အတည်ပြုခဲ့ကြသည်။

 

အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ပညာရေး၏ အရေးပါမှုကို ပိုမိုသိရှိသတိပြုမိစေရန်၊ ဒေသတွင်း ပြုပြင်ပြောင်းလဲရေး မူဝါဒများ ဆွေးနွေးရန်၊ ဒေသတွင်း အလေ့အကျင့်ကောင်းများ ဖလှယ်ရေးအတွက် ကွန်ရက်တစ်ခု တည်ထောင်ရန်ဟူသော ရည်ရွယ်ချက် များဖြင့်ကျင်းပကာ အာဆီယံနိုင်ငံများမှ ပညာရေး ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။  

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် National Museum သို့ သွားရောက် လေ့လာခဲ့သည်။

           

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၃ ခုနှစ် အာဆီယံ အဆင့်မြင့်ပညာရေး ညီလာခံ Webinar တွင် နည်းပညာအခြေပြု ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍ ၅ ဒသမ ၀ တွင် ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အွန်လိုင်းမှ မိန့်ခွန်းပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်လျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်း လုပ်ငန်းနှင့်ပညာရေး ချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍမှာအရေးပါကြောင်း၊ အစိုးရအနေဖြင့် ပညာသင်ကျောင်းများနှင့် လုပ်ငန်းအကြား ကွာဟမှုကိုဆက်စပ်ပေးနိုင်ခြင်း၊ ရံပုံငွေ ပံ့ပိုးပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့် လုပ်ငန်းအကြား မိတ်ဖက်ဆက်ဆံရေးကိုအားပေး နိုင်ခြင်း၊ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ချမှတ်ပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့် လုပ်ငန်းများ ချိတ်ဆက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲစေနိုင်ခြင်းနှင့် နည်းပညာ၊ သက်မွေးပညာ ရေးကို တိုးတက်အောင် ပံ့ပိုးပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အသေးစိတ်ရှင်းလင်းခဲ့သည်။

အဆိုပါ Webinar သို့ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ဦးရေ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)