ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး) နှင့် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) တို့သို့ သွားရောက်စစ်ဆေး

မန္တလေး ၂၀ ဇွန် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများနှင့် အခြားပြည်သူ့ကျန်းမာရေးဆိုင်ရာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ရောဂါပိုးများ ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံခဲ့ရာတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါက ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)ကို (၁၉၆၉) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တီဘီ၊ ခုခံအားကျဆင်းမှုကူးစက် (HIV/AIDS)၊ ဂျပန်ဦးနှောက်အမြေးရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ အသည်းရောင် အသားဝါ(စီ) ရောဂါပိုးများအား ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိမှု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ဝက်သက်ရောဂါ ဓာတ်ခွဲခန်းအဖြစ် ဆောင်ရွက်နေမှု၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကိုပါ ပြုလုပ်ခဲ့မှု၊  ထိုသို့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများတွင် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီနှင့် အလှူရှင်များက ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ အပါအဝင် ပံ့ပိုးမှုများဆောင်ရွက်ခဲ့မှု၊ ဓာတ်ခွဲစစ်ဆေးနေမှု အခြေအနေများ၊ ဝန်ထမ်းအင်အားအခြေအနေများ၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲဓာတ်ကူပစ္စည်း လက်ကျန်စာရင်းနှင့် လိုအပ်ချက်များကို တင်ပြသည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင် လက်ရှိ၌ မန္တလေးတိုင်းဒေသကြီး။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း(မြောက်)ပြည်နယ်တို့မှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို စစ်ဆေးပေးလျက်ရှိမှု၊ ဆက်လက်၍ ကချင်နှင့် ချင်းပြည်နယ်များမှ ဓာတ်ခွဲနမူနာများကိုပါ တိုးချဲ့စစ်ဆေးသွားရန် စီစဉ်နေမှု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)တွင်လည်း ဝေအောင်ကမ္ဘာကျောက်မျက် ကုမ္ပဏီလီမိတက်မှ လှူဒါန်းပံ့ပိုးမှုများဖြင့် လာမည့်ဇူလိုင်လ အစောပိုင်းမှစတင်၍ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရှာဖွေရေးကော်မတီမှ ဦးကျော်ကျော်ဝင်းက မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရှာဖွေရေးကော်မတီမှ ကျပ်သိန်း (၈,၀၀၀)ခန့် အကုန်အကျခံ တည်ဆောက်လှူဒါန်းမည့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှစ်ထပ်အဆောက်အဦသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများအပါအဝင် ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံး တစ်ယောက်မကျန်ကို ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းပံ့ပိုးပေးသည့် အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းများ အဆင့်မြင့်မားလာခြင်းဖြင့် ယခု ကိုဗစ်-၁၉ ရောဂါအတွက်သာမက အခြား ပြည်သူ့ကျန်းမာရေးပြဿနာများ ဖြစ်ပွားစေသည့် ရောဂါ အမျိုးမျိုးကို ပိုမိုစစ်ဆေးလာနိုင်ကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊ အလားတူ ပိုမိုမှန်ကန် တိကျသော ဓာတ်ခွဲစစ်ဆေးမှုများဖြင့် ကုသရေးလုပ်ငန်းများကိုလည်း များစွာအထောက်အကူပြု သွားနိုင်မည်ဖြစ်သဖြင့် ရေရှည်တွင် အကျိုးရှိပါကြောင်း၊ ဓာတ်ခွဲပညာရှင်များ၏ အရည်အသွေးများ ဘက်စုံ ပိုမိုမြင့်မားလာစေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ၊ မွမ်းမံသင်တန်းများ၊ ဓာတ်ခွဲနှင့် သက်ဆိုင်သည့် သုတေသနများကို ယခုထက်ပိုမိုပြုလုပ်စေလိုပါကြောင်း၊ သုတေသနအတွက် ဝန်ကြီးဌာန၏ ရန်ပုံငွေများလည်းရှိပါကြောင်း ပြောကြားခဲ့ကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှစ်ထပ်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သူနာပြုတက္ကသိုလ် (မန္တလေး) သို့သွား ရောက်ခဲ့ပြီး ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် သူနာပြုတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်ဝင်းစိန်က သူနာပြုတက္ကသိုလ် (မန္တလေး) ၏ နောက်ခံသမိုင်းအကျဉ်း၊ ဝန်ထမ်းအင်အား၊ စာသင်ဆောင်များ၊ သင်တန်း သူ/သား အဆောင်များ၊ စာကြည့်တိုက်နှင့် အဆောက်အဦပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ သင်ကြားသင်ယူမှု လုပ်ငန်းများဆောင်ရွက်နေမှု၊ ဌာနများဖွဲ့စည်းပုံနှင့် ဌာနသစ်များ တိုးချဲ့ဆောင်ရွက်ရန် တင်ပြမှု၊ သူနာပြု ဒီပလိုမာ အမျိုးအစား (၈) မျိုးကို သင်ကြားမွေးထုတ်ပေးနေမှု၊ သူနာပြုဒီပလိုမာ အသစ် (၂) မျိုးထပ်မံတိုးချဲ့ သင်ကြားရန် အစီအစဉ်၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့(IRB)ကို (၂၀၁၇) ခုနှစ်မှစ၍ ဖွဲ့စည်းဆောင်ရွက်နေမှု၊ တက္ကသိုလ် ပြန်လည်ဖွင့်လှစ် သင်ကြားပါက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သူနာပြုတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဆရာ၊ ဆရာမများ အားလုံး တစ်ယောက်မကျန်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ် ကျောင်းသူ/သားများတွင် အဆင့်မြင့်ပညာ သင်ကြားသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုတွင် သင်ကြားနေရသည်ဟူသော စိတ်ဓာတ်များ ကိန်းဝပ်နေစေရန်၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသာမက ကျင့်ဝတ်များ ညီညွတ်လိုက်နာသည့် သူနာပြုများ ထွက်ပေါ်လာရေး ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း၊ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများတွင် သူနာပြုနှင့်သားဖွားကဏ္ဍ ပိုမိုမြင့်မားရေးသည် ဦးစားပေးပါဝင်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကာ ကမ္ဘာ့အဆင့်မီရေးဆွဲခဲ့သည့် သင်ရိုးညွှန်းတမ်းကို လက်ရှိတွင် သူနာပြုတက္ကသိုလ်များတွင် အသုံးပြုသင်ကြားလျက်ရှိရာ အဆိုပါ သင်ရိုးညွှန်းတမ်းများကို လိုအပ်ပါက မွမ်းမံ၍ မိမိတို့နိုင်ငံ၏ လက်တွေ့သူနာပြုလုပ်ငန်းများတွင် အသုံးဝင်သည့် အခန်းကဏ္ဍများကို ပိုမိုထည့်သွင်းသင်ကြား လေ့ကျင့်စေလိုပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများကိုလည်း (၂၀၁၆) ခုနှစ်မှ (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်အထိ ကျပ်သန်း (၆,၀၀၀) ခွဲဝေချထားပေးခဲ့ပြီး လာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် အတွက်လည်း ကျပ်သန်း (၃,၀၀၀) လျာထားပါကြောင်း၊ တက္ကသိုလ်တွင် ဆရာ၊ ဆရာမများက သင်တန်းသူ/သားများ ပါဝင်ဆောင်ရွက်သည့် အသုံးချသုတေသနများကို ပိုမိုပြုလုပ်စေလိုပါကြောင်း၊ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန (research capacity strengthening training center) တွင် ပြုလုပ်သည့် သုတေသနစွမ်းဆောင်ရည် မြှင့်သင်တန်းများကိုလည်း သူနာပြုတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပိုမိုတက်ရောက်စေလိုပါကြောင်း၊ တက္ကသိုလ်တွင် သင်ကြားသင်ယူမှုနည်းစနစ်များ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်စေလိုပြီး နေ့လယ်စာစားချိန် ဟောပြောပို့ချမှု (lunch time talk) များ ပိုမိုလုပ်ဆောင်စေလိုပါကြောင်း၊ယခုဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနမှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် ဘဏ္ဍာငွေ သိသာစွာ ပိုမိုခွဲဝေချထားမည်ဖြစ်သည့်အတွက် တက္ကသိုလ်များတွင် သင်ကြား၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် သုတေသနဆိုင်ရာဌာန၊ သူနာပြုပညာသင်ကြားမှုဌာန အပါအဝင် ဌာနသစ်များ ဖွဲ့စည်းဆောင်ရွက်မည်မှာ ကောင်းမွန်ပါကြောင်း၊ ဆီးချို၊ သွေးချိုရောဂါနှင့် သက်ကြီးရွယ်အိုသူနာပြုစု စောင့်ရှောက်မှုဆိုင်ရာ အထူးပြုသူနာပြုဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်မည်မှာ ကောင်းမွန်ပါကြောင်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် သူနာပြု သားဖွားသင်တန်း ကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် Video Conferencing စနစ်ဖြင့် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်ကြစေလိုပါကြောင်း၊ သင်ကြား သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို ယခုထက်ပိုမိုအသုံးချ၍ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်တို့က သူနာပြုတက္ကသိုလ် (မန္တလေး) ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး သူနာပြုတက္ကသိုလ် (မန္တလေး) မှ ဆရာ၊ ဆရာမများက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဗဟိုဆေးသိုလှောင်ရေးဌာန (မန္တလေး) သို့ သွားရောက်၍ ဆေးသိုလှောင်ရုံများ၌ ဆေးနှင့် ဆေးပစ္စည်းများ ထားသိုထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

 

ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက ဆေးနှင့်ဆေးပစ္စည်းများကို စနစ်တကျသိုလှောင်ထိန်းသိမ်းခြင်း၊ ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် စီစဉ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်