ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကျန်းမာရေးအချက်အလက်များကို အကျိုးရှိ ထိရောက်စွာတင်ပြခြင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲတက်ရောက်

ကျန်းမာရေး အချက်အလက်များကို အကျိုးရှိ ထိရောက်စွာတင်ပြခြင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၌ ကျင်းပသည်။ 

 

သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤသင်တန်းသည် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)ကို သုတေသနလေ့ကျင့်ရေးဗဟိုဌာန တစ်ခုဖြစ်ရန် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်၏ ပထမဦးဆုံးခြေလှမ်းဖြစ်ပြီး ဆက်လက်၍ သုတေသန ကျင့်ဝတ်၊ သုတေသနနည်းစနစ်နှင့် အခြားသုတေသနပညာရပ်ဆိုင်ရာ သင်တန်းအမျိုးမျိုးကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၀၀၀ နှင့် ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၅၀၀ နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၅၀၀ တို့ကို ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များရှိ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့သင်တန်းများတွင်လည်း သုတေသနပိုင်းဆိုင်ရာ သင်ရိုးများနှင့် အရည်အသွေးပြည့်ဝသော သင်တန်းများ ပိုမိုထည့်သွင်း သင်ကြားရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သုတေသနအရာရှိများက ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက ဆေးသုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနလေ့ကျင့်ရေးဗဟိုဌာန တစ်ခုအဖြစ် တည်ထောင်ဆောင်ရွက်ရေး၊ သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပြုလုပ်သွားရေးနှင့် အထွေထွေကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

 

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ စုစုပေါင်းသင်တန်းသား (၄၅) ဦး တက်ရောက်ကြသည်။

 

(သတင်းစဉ်)