ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆရာဝန်များအား အသိပေးဖြန့်ဝေခြင်း မွမ်းမံသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ၅  နိုဝင်ဘာ 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံး တွေ့ရှိချက်များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆရာဝန်များအား အသိပေး ဖြန့်ဝေခြင်းမွမ်းမံ သင်တန်းကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

သင်တန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ရောဂါကူးစက်ပျံ့နှံ့မှုပုံသဏ္ဌာန်နှင့် ရောဂါပိုး၏ မျိုးဗီဇသည် ပြောင်းလဲလျက်ရှိပြီး တွေ့ရှိချက်အသစ်များ၊ ရောဂါကာကွယ်ထိန်းချုပ် နည်းဗျူဟာများနှင့် ကုသမှုကုထုံးပုံစံများသည် လည်းပြောင်းလဲလျက်ရှိပါကြောင်း၊ ယနေ့မွမ်းမံသင်တန်းတွင် တက်ရောက်နေ သည့် ဆရာဝန်ပေါင်း (၈၀၀)ခန့်အား ကိုဗစ်-၁၉ ဆိုင်ရာ ခိုင်လုံသည့် နောက်ဆုံးလေ့လာတွေ့ရှိ ချက်များနှင့် ကုထုံးပုံစံများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများ၊ လက်ရှိမြန်မာ နိုင်ငံတွင် ဆောင်ရွက်နေသည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ၊ နည်းဗျူဟာများနှင့် လုပ်ငန်းလမ်းညွှန်များကို ပါမောက္ခကြီးများနှင့် ပညာရှင်ကြီးများမှ ဟောပြောပို့ချသွားရန် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် တစ်နိုင်ငံလုံးတွင် ကူးစက်မှုရှိနေပြီး ဖြစ်ပွားမှု အနည်းအများသာ ကွာခြားပါကြောင်း၊ ဤရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ဆက်လက်ရှိနေမည့် ရောဂါဖြစ်သဖြင့် ဆရာဝန်တိုင်းသည် ဤရောဂါကူးစက်မှုနှင့် ကပ်ရောဂါသဘော သဘာဝ၊ အသွားအလာကန့်သတ်ခြင်းနှင့် သီးခြားထားရှိခြင်း၊ ရောဂါရှာဖွေဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုသမှုကုထုံးများ၊ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ စသည်တို့ကို ပိုမိုသိရှိနားလည် တတ်ကျွမ်း စေရန်အတွက် မိမိတို့ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

ဤသို့ပုံစံဖြင့် ကျယ်ပြန့်စွာဆောင်ရွက်ခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး နောင်တွင်လည်း ယခုကဲ့သို့သော အင်တာနက်ကွန်ရက်အသုံးပြု Videoconferencing စနစ်ဖြင့် ဟောပြောပို့ချမှုနှင့် မွမ်းမံသင်တန်းအစီအစဉ် များကို ဆရာဝန်များ၊ သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များနှင့် အခြေခံကျန်းမာရေး ပညာရှင်များအတွက် တက္ကသိုလ်များအလိုက်၊ ပညာရပ်အလိုက်၊ ကဏ္ဍအလိုက် ပုံမှန်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဟောပြောပို့ချမှုနှင့် မွမ်းမံသင်တန်းများ ပြုလုပ်မည့် အစီအစဉ်ကို ကြိုတင်ရေးဆွဲကာ ဘာသာရပ်အမျိုးအစားနှင့် ဟောပြောပေးမည့် ပါမောက္ခများ၊ ဆရာဝန်ကြီးများနှင့် အချိန်ဇယားများ ကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ကြိုတင်အသိပေးထားမည်ဖြစ်ပါကြောင်း၊ ဤသို့ မွမ်းမံသင်တန်းပြုလုပ်ရာ၌ အဓိကအားဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍ ခေါင်းစဉ်ကြီး (၂) ခုအောက်မှ သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆက်လက် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ သင်တန်းများ၌ပို့ချသည့် ဟောပြောပို့ချသည့် အကြောင်းအရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ လွှင့်တင်ထားခြင်းဖြင့် တစ်နိုင်ငံလုံးမှ ဆရာဝန်များအနေဖြင့် အချိန်မရွေး မီငြမ်းပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကုသမှုကုထုံးများနှင့် ပြည်သူ့ကျန်းမာရေးနိယာမများကို ပိုမိုသိရှိကာ ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအပြင် အခြားရောဂါများ ကုသမှုသည်လည်း ပိုမို ကောင်းမွန်အရည်အသွေး ပြည့်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံကျန်းမာရေး စောင့်ရှောက်မှုကို မိမိတို့နိုင်ငံ ပြည်သူများအနေဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့မွမ်းမံသင်တန်းသို့ မြန်မာနိုင်ငံတစ်ဝန်းမှ မြို့နယ်ဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီး များ၊ ဆေးရုံအုပ်ကြီးများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည်ကို တွေ့ရှိရသည့်အတွက် ကျန်းမာရေးစနစ် ကောင်းမွန်မှုအတွက် ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့်လည်း ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များက သက်ဆိုင်ရာ ဆေးနှင့် ဆေးနှီးနွှယ် ပညာ ဘာသာရပ်အလိုက် ရိုက်ကူးထားသော သင်ကြားရေးရုပ်သံဗွီဒီယို (၂၀၀) ကျော်ကို  ဝန်ကြီးဌာန၏ အင်တာနက်လိပ်စာ - https://event-mohs.gov.mm/ တွင် (၂၃-၁၀-၂၀၂၀) ရက်နေ့မှ စတင်ကာ တစ်စုတစ်စည်းတည်း လွှင့်တင်ထားရှိပါပြီး ဆက်လက်၍လည်း ရိုက်ကူးလွှင့်တင်သွားမည် ဖြစ်ပါကြောင်း။
ထိုသို့ ပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှုရုပ်သံများကို မြို့ကြီးများမှသာမက ခက်ခဲဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကုသမှုပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ အားလုံးတို့သည် အင်တာနက်ကွန်ရက် အသုံးပြုကာ အချိန်မရွေး လေ့လာနိုင်မည်ဖြစ်သဖြင့် နောက်ဆုံးပေါ်ပညာရပ်များကိုသိရှိပြီး စွမ်းဆောင်ရည်များ ပိုမိုမြင့်တက်လာကာ ပြည်သူများ ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ "မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)" ဖြင့် (၂၀၁၉) ခုနှစ်မှ စတင်သင်ကြားနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင်လည်း သင်ရိုးညွှန်းတမ်းများ မွမ်းမံရေးဆွဲခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွမ်းမံသင်တန်းများ ယခုထက်ပိုမိုအကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပါမောက္ခများနှင့် တာဝန်ရှိသူများဆွေးနွေးခြင်း၊ သင်တန်းတက်ရောက်သူများထံမှ အကြံပြုချက် များရယူခြင်းနှင့် ယခင်သင်တန်းအတွေ့အကြုံများကို ပြန်လည်သုံးသပ်ခြင်းများ အမြန်ဆုံး ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝန်ကြီးဌာနမှ ဝန်ထမ်းပညာရှင်များအားလုံးသည် ပညာရပ်အလိုက် နောက်ဆုံး တွေ့ရှိချက် များကို အမြဲသိရှိလေ့လာနိုင်ကာ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးများ ပိုမိုတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ဟောပြောပို့ချမှုဆိုင်ရာ ရုပ်သံများရိုက်ကူးရန်နှင့် ယခုကဲ့သို့ အင်တာ နက်ကွန်ရက်အသုံးပြု မွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်ရန်အတွက် လိုအပ်သည့် လူအင်အား၊ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ  ပိုမိုချထားပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေး) ဒေါက်တာထွန်းတင်၊ ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ ဇော်လင်းအောင်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်၊ ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦး၊ ဆေးတက္ကသိုလ် (၁) မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်နှင့် ဆေးတက္ကသိုလ် (၁)၊ မူခင်းဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမျိုးသိုက်ဦးတို့က သက်ဆိုင်ရာပညာရပ်အလိုက် နောက်ဆုံးတွေ့ရှိချက်များ၊ ပြည်သူ့ ကျန်းမာရေးနှင့် အသွားအလာကန့်သတ်ခြင်း နိယာမများ၊ ကုသမှုကုထုံးများ၊ ဓာတ်ခွဲမှုနည်းပညာရပ်များ၊ လူနာသယ်ယူပို့ဆောင်မှုနှင့် လူနာအဆင့်ခွဲခြားသတ်မှတ်မှုများ၊ အရေးပေါ်နှင့် အထူးကြပ်မတ်ကုသမှုများ၊ လူနာစီမံခန့်ခွဲမှုများ၊ သေဆုံးရသည့်အကြောင်း အရင်းသတ်မှတ်ချက်များ၊ လက်ရှိတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများနှင့် နည်းဗျူဟာများ၊ လုပ်ငန်း လမ်းညွှန်များ စသည်တို့ကို ဟောပြောပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မေးမြန်းသည့် မေးခွန်းများကို ပါမောက္ခများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဖြေကြားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်