ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ခွဲစိတ်ကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ၇ မတ်

 

ခွဲစိတ်ကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးလုပ်ငန်းတွင် ဆေးပညာကဏ္ဍနှင့် ခွဲစိတ်မှုကဏ္ဍဟူ၍ အဓိကလုပ်ငန်းနယ်ပယ် (၂)ခုရှိသည့်အနက် ခွဲစိတ်ကုသမှုကဏ္ဍတွင် အထွေထွေခွဲစိတ်ခြင်း ဘာသာရပ်သာမက အရိုး၊ ဦးနှောက်နှင့် အာရုံကြော၊ နှလုံး၊ သားဖွားနှင့် မီးယပ် စသည့် အထူးပြုခွဲစိတ်ခြင်း၊ မေ့ဆေး စသည်ဖြင့် မတူကွဲပြားသော ဘာသာရပ်များ ပါဝင်ပါကြောင်း၊ မခွဲစိတ်မီ ဆန်းစစ်ခြင်းနှင့် ခွဲစိတ်ပြီး ပြုစုကုသစောင့်ရှောက်မှုပေးခြင်းများကို စနစ်တကျကောင်းမွန်စွာ မပြုလုပ်ပါက အသက်မသေဆုံးသင့်ဘဲ သေဆုံးခြင်း၊ မကောင်းသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပွားနိုင်ပါကြောင်း၊ မခွဲစိတ်မီ ဆန်းစစ်ခြင်းနှင့် ခွဲစိတ်ပြီးပြုစုစောင့်ရှောက်ခြင်းများကို တိုက်ဆိုင်စစ်ဆေးစာရင်း (Checklist) အသုံးပြု၍ ဆောင်ရွက်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်၊ မည်သည့်လိုအပ်ချက်များရှိမည်ကို ဆွေးနွေးကြရန် ဖြစ်ကြောင်း။

 

လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းအတိုင်းတာ နယ်ပယ်သည် လူနာစတင်ပြသချိန်၌ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဆေးဝါးများပေးခြင်း၊ ဓါတ်ခွဲ၊ ဓါတ်မှန်စမ်းသပ်ခြင်း လိုအပ်ပါက ခွဲစိတ်ကုသခြင်းမှ ရောဂါသက်သာပြီး ဆေးရုံဆင်းပြီးချိန်အထိ ပါဝင်ပြီး အဆင့်တိုင်းတွင် ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်နေပါကြောင်း။

 

ထိုသို့ ဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ဗဟိုကော်မတီကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး မူဝါဒ၊ လမ်းစဉ်နှင့် လမ်းညွှန်မှုချမှတ်ပေး၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းဘာသာရပ်အလိုက် ဆပ်ကော်မတီများကို ထပ်မံဖွဲ့စည်းသွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူနာဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ မြို့နယ်ဆရာဝန်နှင့် တိုက်နယ်ဆရာဝန်များ သင်တန်းပေးခြင်း၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့လူနာဘေးကင်း လုံခြုံရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ ဆေးပညာရှင်များ၏ ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ခြင်းနှင့် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး Campaign ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဆေးတက္ကသိုလ်များတွင် လူနာဘေးကင်းလုံခြုံမှုနှင့် သက်ဆိုင်သော သင်ခန်းစာများကို တတိယနှစ်မှစ၍ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း။

 

လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အားနည်းချက်နှင့် မှားယွင်းမှုများကို တွေ့ရှိပါက အပြစ်တင်ခြင်းထက် ဖြစ်ရသည့်အကြောင်းရင်းများကို လေ့လာသုံးသပ်ပြီး ပိုမိုကောင်းမွန်လုံခြုံစိတ်ချရရေးကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဘာသာရပ်လုပ်ငန်းဆိုင်ရာအလိုက် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်များကို ခေတ်နှင့်အညီ ပြုပြင်မွမ်းမံ၍ လက်စွဲစာအုပ်တစ်အုပ် အသုံးပြုနိုင်အောင် ဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ ယဉ်ကျေးမှု ဖြစ်ထွန်းပေါ်ပေါက် ခိုင်မာရှင်သန်လာစေရန် အဖက်ဖက်မှ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အသစ်ပြန်လည်ရေးဆွဲနေသည့် အမျိုးသားကျန်းမာရေးမူဝါဒတွင်လည်း လူနာဘေးကင်းလုံခြုံမှုကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက လူနာဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်း၍ မခွဲစိတ်မီ ဆန်းစစ်ခြင်းနှင့် ခွဲစိတ်ပြီး စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်ချက်များ ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များနှင့် အစည်းအဝေးတွင် တိုင်ပင်ဆွေးနွေးမည့် ကိစ္စရပ်များကို တင်ပြသည်။

 

ထို့နောက် ခွဲစိတ်ကု၊ သားဖွားမီးယပ်၊ အရိုးအကြောခွဲစိတ်နှင့် မေ့ဆေးဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

သတင်းစဉ်