ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၆၆)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၁၈ ဇန်နဝါရီ

 

(၆၆)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနား၊ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆရာဝန်အသင်းသည် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ကာ မြန်မာနိုင်ငံ ဆေးပညာလောကကို အကျိုးပြုလျက်ရှိသည့် အဓိကအသင်းကြီးဖြစ်ကြောင်း၊ အသင်းရှိ ဘာသာရပ်အဖွဲ့များတွင် အတွေ့အကြုံမြင့်မားသည့် ဆေးပညာရှင်ကြီးများ ပါဝင်ဖွဲ့စည်းထားသည့်အတွက် ၎င်းအဖွဲ့များ၏ တက်ကြွစွာ လုံ့လစိုက်ထုတ်ကြိုးပမ်းမှုများနှင့် စွမ်းဆောင်ရည်များကို အကျိုးရှိထိရောက်စွာ အသုံးချသွားရန်လိုအပ်ကြောင်း။

 

မြန်မာနိုင်ငံ ဆရာဝန်အသင်းရှိ ဘာသာရပ်အဖွဲ့များ အချင်းချင်းပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် နှီးနွှယ်အသင်းများဖြင့် ပိုမိုပူးပေါင်း၍ ကွန်ရက်ချိတ်ဆက်ကာ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ တိုးတက်မြင့်မားရေးကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသင်း၏ ဘာသာရပ်အဖွဲ့များတွင် တစ်ခုအပါအဝင် ဖြစ်သော အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ပုဂ္ဂလိကအထွေထွေရောဂါကု ဆရာဝန်များသည် ပြည်သူများအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှုကောင်းမွန်ရေးတို့အတွက် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကဆရာဝန်များ၏ ကုသမှုစွမ်းရည် ပိုမိုမြင့်မားရေးအတွက် လက်ရှိတွင် မိသားစု ကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာဒီပလိုမာကို သင်ကြားပေးလျက်ရှိပြီး Master in Family Medicine သင်တန်းများကို ယခုနှစ်တွင် ဖွင့်လှစ်သင်ကြားတော့မည် ဖြစ်ကြောင်း။

 

ယခုညီလာခံကြီးတွင် ဆေးပညာဘာသာရပ်အသီးသီးမှ ပညာရှင်ကြီးများ ပါဝင်ဆွေးနွေးမည်ဖြစ်သဖြင့် တက်ရောက်လာသူ တစ်ဦးချင်းစီအတွက်သာမက ဆေးပညာလောကကြီး တစ်ခုလုံးအတွက် လွန်စွာအကျိုးရှိကြောင်း၊ ထို့ပြင် ညီလာခံတွင် ဆွေးနွေးတင်ပြခြင်းများနှင့် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုများကို ဝေးလံဒေသများရှိ ဆရာဝန်များပါ သိရှိလေ့လာနိုင်ရန်အတွက် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးချကာ အမြန်ဆုံးအသိပေးဖြန့်ဝေသွားရန် လိုအပ်ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပြီး ခွဲစိတ်မှုမပြုလုပ်မီနှင့် ခွဲစိတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကို မကြာမီ ကျင်းပသွားမည်ဖြစ်သဖြင့် အဆိုပါကိစ္စရပ်များတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ သက်ဆိုင်ရာ ဘာသာရပ်အဖွဲ့များအနေဖြင့် ပါဝင်ပံ့ပိုးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသင်းဝင်ဆရာဝန်များအနေဖြင့် ဆေးပညာကျင့်ဝတ်များကို အလေးထားလိုက်နာကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရန် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက အသင်းကြီး၏ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆရာဝန်အသင်းများ၏ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

mdn ​

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြတို့က ဆေးနှင့် ဆေးပစ္စည်းကိရိယာပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သုတေသနစာတမ်းပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) အလုပ်အမှုဆောင် (၂၀၂၀ - ၂၀၂၂) ရွေးချယ်တင်မြှောက်ပွဲတွင် ကွန်ပျူတာအသုံးပြုကာ လျှို့ဝှက်မဲစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး ရွေးချယ်တင်မြှောက်ပွဲအတွက် ဆန္ဒမဲပေးသည်။

 

(၆၆)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံကို ဇန်နဝါရီ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

သတင်းစဉ်