ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၁၄ နိုဝင်ဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လာမည့်သက်တမ်းအတွင်း ကြက်ခြေနီဗဟိုကောင်စီဝင်များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့်သူများသည့် အစိုးရ အဆိုပြု ကိုယ်စားလှယ် ၁၀ ဦးသည် အသင်းတိုးတက်ရာများတွင် အကြံပြုချက်ကောင်းများပေးကြရန်နှင့် အသင်း၏ လုပ်ငန်းများတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး အားထုတ်ကြိုးစား ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အလုပ်အမှုဆောင်သစ်များအနေဖြင့် အသင်းကြီးမှ (၃) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို အပြုသဘောဆောင်သော အမြင်များဖြင့် ဘက်စုံခြုံငုံသုံးသပ်ကာ အသင်း၏ လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများကို ခိုင်မာတိကျစွာ သတ်မှတ်ထားပြီး လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များဖြင့် ပိုမိုတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေချိန်တွင် အသင်းအနေဖြင့်လည်း နိုင်ငံတော်၏ လူမှုကရုဏာအခန်းကဏ္ဍများတွင်  အရန်အင်အားအဖြစ် တာဝန်သိစိတ် အပြည့်အဝနှင့် ဆက်လက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဗဟိုနှင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်း၏ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များ စနစ်တကျချမှတ်၍ အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ - ၂၀၂၂ ခုနှစ် ကြက်ခြေနီ ညီလာခံသက်တမ်းအတွက် အစိုးရအဖွဲ့မှ အဆိုပြုကောင်စီဝင် (၁၀)ဦး၏ အမည်စာရင်းကို ဖတ်ကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အသင်း၏ အရေးပေါ်စီမံခန့်ခွဲရေးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ၀ ကို လှူဒါန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

သတင်းစဉ်