ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဖြူးမြို့ အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော်သို့ တက်ရောက်

နေပြည်တော် ၁၈ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် ဖွင့်ပွဲခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အ.ထ.က(၁)ဖြူး၏ ရာပြည့်ရင်ပြင်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ရာပြည့်ရင်ပြင် အလှူရှင် ဒေါ်သန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းနှင့် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးအင်းရှောက်တို့က ရာပြည့်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ဆက်လက်၍ ကျောင်းရှိ ရာပြည့်အထိမ်းအမှတ် အောင်ရတနာစာကြည့်တိုက်နှင့် ရာပြည့်ခန်းမတို့ကို အ.ထ.က(၁)ဖြူး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူ၊ ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဝေနှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဖြူးမြို့ အမျိုးသားကျောင်း၏ နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော်ကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားကျောင်း စတင်ချိန်မှစ၍ ယနေ့အထိ အစဉ်အဆက် ပညာရေး အားကောင်းအောင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီးဆရာမကြီးကို အထူးကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးဌာနတွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၇၄၇၂ ကျောင်းရှိပြီး နှစ်စဉ် နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ဆောင်၊ ဆရာဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ၊ ကျောင်း၊ သိပ္ပံခန်း၊ စာကြည့်တိုက်နှင့် ခန်းမ စသည့် လိုအပ်ချက်များက ရှိနေဆဲဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် အလှူရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းကြသည့်အတွက် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘများကိုယ်စား ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ပြည်သူများ၊ အလှူရှင်များ၊ ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားကျောင်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့သူများနှင့် တာဝန်ထမ်းဆောင်ဆဲ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အလှူရှင်များ ပူးပေါင်းလက်တွဲကာ ကျောင်းတော်ကြီး၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရာပြည့်ခန်းမအလှူရှင် ဒေါက်တာမောင်မောင်နှင့် စာကြည့်တိုက်အလှူရှင် ဒေါက်တာအောင်သိန်းတို့က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြ၍ ရာပြည့်ကော်မတီဥက္ကဋ္ဌ ဦးအင်းရှောက်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယနေ့ကျင်းပသည့် အ.ထ.က(၁)ဖြူး၏ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် အလှူရှင်များက ရာပြည့်ရင်ပြင်အတွက် ငွေကျပ်သိန်း ၅၀၊ အောင်ရတနာစာကြည့်တိုက်အတွက် ငွေကျပ်သိန်း ၁၅၀ဝ နှင့်  ရာပြည့်ခန်းမအတွက် ငွေကျပ်သိန်း ၆၀ဝ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၁၅၀ ကို လှူဒါန်းခဲ့ကြသည်။

 

သတင်းစဉ်