ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) နှင့် Southland Myanmar Rubber Co.,Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်    ၁၇  ဖေဖော်ဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ချောစက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA)မှ တာဝန်ရှိသူများ၊ Southland Myanmar RubberCo.,Ltd  တာဝန်ရှိသူများနှင့်  နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၏ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး စီမံဆောင်ရွက်မည့် အစီအမံများနှင့် ထုတ်လုပ်မည့် အစီအစဉ်များ၊ ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ ၊ဈေးကွက်အခြေအနေများကို ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များနှင့် စက်ရုံအကြား ဈေးကွက်အာမခံရရှိရေးအတွက် စီမံဆောင်ရွက်သင့်သည်များ၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ် များ၊ မြန်မာ့ ရော်ဘာအဆင့်အတန်း ပြည့်မီစွာဖြင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းများကို    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြား သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီရော်ဘာကုန်ချော Technical Specified Rubber (TSR) ကို စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ Ribbed Smoked Sheet (RSS)ကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာ စိုက်ပျိုးသူ ၈၅ ရာခိုင်နှုန်းနှင့် လူဦးရေ (၁၀ဝ၀) ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည်စီမံကိန်းကို ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများ အသင်း(MRPPA) မှ သိရသည်။

(သတင်းစဉ်)