ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဂျပန်-မြန်မာ စိုက်ပျိုးရေးတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်သော စိုက်ပျိုးရေးနည်းပညာ ဟောပြောပို့ချခြင်း အခမ်းအနား တက်ရောက်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော စိုက်ပျိုးရေး နည်းပညာ ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာ၊ ဇီဝနည်းပညာများအသုံးပြု၍ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ ပြောင်းလဲဆန်းသစ်သော နည်းပညာများနှင့်အတူ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒချမှတ်မှုများသည် ဝန်ကြီးဌာန၏ အဓိက ဆောင်ရွက်မှုဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ ဒေသတွင်းစိုက်ပျိုးမှု အတွေ့အကြုံများကို အခြေခံ၍ မိရိုးဖလာစိုက်ပျိုးရေးမှ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ လက်ဆင့်ကမ်း အသုံးပြု၍ ဈေးကွက်လိုအပ်ချက် နှင့်ကိုက်ညီသော သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် လူ့အရင်းအမြစ်များ တိုးတက်ခိုင်မာရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ အဆင့်မြင့် စိုက်ပျိုးရေးပညာရှင်များအဖြစ် အနာဂတ်၏ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုလာကြမည့် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကူးစိတ်သန်းကောင်းများဖြင့် သုတေသနပြုရလဒ်များ၊ သတင်းအချက်အလက်နှင့် နည်းပညာရယူစုဆောင်းနိုင်မှု စွမ်းရည်များ တိုးတက်စေရေး၊ လမ်းကြောင်းသစ်များကို ဖန်တီးဖော်ဆောင်နိုင်ရန် ယခုကျင်းပသော ဟောပြောပို့ချခြင်း အစီအစဉ်က များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပညာရှင်ကြီးများ၏ ဟောပြောပို့ချပေးမှုအပေါ် အလေးထားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ Dr.Yoshitaka KAWAI နှင့် ပါမောက္ခ Dr. Taro Adati တို့က ဟောပြောပို့ချကြသည်။

 

မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်တို့ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများက စိုက်ပျိုးရေး နည်းပညာဟောပြောပို့ချခြင်းကို Mitsui ကုမ္ပဏီလီမိတက်၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆ ကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်သည်။

 

မြန်မာ-ဂျပန် နှစ်နိုင်ငံ နည်းပညာဖလှယ်ရေးဆိုင်ရာ အစီအစဉ်အရ အဆင့်မြင့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရေးနှင့် သုတေသနဌာနများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကို အဓိကထားပြီး ဂျပန်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် နည်းပညာစင်တာများမှတဆင့် အသိပညာလှယ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်သို့ ပညာသင်သွားရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုအစီအစဉ်များ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာသင်သွားစဉ် ဗဟုသုတများ၊ သင်ကြားမှုပညာရပ်များ၊ နည်းပညာဆိုင်ရာများကို မိမိတို့ကိုယ်တိုင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

(သတင်းစဉ်)