ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများနှင့် တွေ့ဆုံ

နေပြည်တော် ၁၇   ဇန်နဝါရီ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဘေးအန္တရာယ် ကင်းရှင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာများ ဖူလုံစွာ စားသုံးနိုင်ရေးလိုအပ်ချက်အား ဖြည့်ဆည်း ဆောင်ရွက် ပေးရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း။

 

8520

 

တောင်သူအကျိုးစီးပွားကို ရေရှည် မျှော်ကိုးပြီး မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာအကူအညီ၊ စက်ကိရိယာအကူအညီ၊ ရင်းနှီးမြှုပ်နှံမှုငွေကြေး အကူအညီရရှိရေးတို့အတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS) လုပ်ငန်းများတွင် အဓိကပါဝင်သည့် လုပ်ကွက်ငယ်တောင်သူများ၏ အသိပညာ တိုးပွားရေးကို ဦးစားပေးအဖြစ် ဆောင်ရွက် ခြင်းဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တန်ဘိုးကွင်းဆက်တစ်ခုလုံး တိုးတက်လာမည်ဖြစ်ကြောင်း၊ အဆိုပါ တန်ဖိုး ကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ရလဒ်ကောင်းများ၊ အတွေ့အကြုံကောင်းများကို လက်တွေ့အသုံးချ နိုင်စေရန် ဖြန့်ဝေပေးခြင်း၊ ကျယ်ပြန့်စွာ လက်တွေ့အသုံးချနိုင်ရေး ပံ့ပိုးပေးခြင်းတို့ကို တစ်ဆက်တည်းဆောင် ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူများအား စိုက်ပျိုးနည်းပညာသာမက စားသုံးမှု ဘေးကင်း လုံခြုံရေးဆိုင်ရာ ၊ ဈေးကွက်ဆိုင်ရာ ၊ သတင်းအချက် အလက်ဆိုင်ရာ အသိပညာများကိုပါ ဖြန့်ဝေပေးကြရမည်ဖြစ်ကြောင်း။

 

ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်လာမှု  နှင့်အတူ ဖြစ်ပေါ်လာမည့် နည်းပညာလိုအပ်ချက်များအတွက် တိုးချဲ့ပညာပေးခြင်းကို အားထည့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ညွှန်ကြားချက်ထုတ်ပြန်ပေးခြင်း နှင့် နည်းပညာပေးမှုများ အား အချိန်နှင့်တပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပညာပေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဘတ်ဂျက်များ ထည့်သွင်းရေးဆွဲပြီး ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြရန်လိုကြောင်း ၊ တဆက်တည်းမှာပင် ထူးချွန်ဝန်ထမ်းများအပေါ် ယင်းတို့၏ လုပ်ငန်းစွမ်းဆောင်နိုင်မှုအလိုက် အသိအမှတ်ပြု ချီးမြှောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြပေးကြစေလိုကြောင်း၊ သို့မှသာ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်တက်မှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး ဝန်ထမ်းပြုန်းတီးမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံခြားချေးငွေ ထောက်ပံ့ငွေများဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအတွက် ပွင်းလင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ တိကျမှန်ကန်ခိုင်မာမှုရှိစေရေး လိုအပ်ချက်များ၊ လုပ်ငန်း နယ်ပယ်အလိုက် သတ်မှတ် ပြဌာန်းထားသော ဥပဒေ နည်းဥပဒေများအား တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများအနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအပေါ် အထောက်အပံ့ကောင်းများအဖြစ် စွမ်းဆောင်ပေးရန် လိုအပ်ချက်များအား ဆွေးနွေးမှာ ကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများက ဘဏ္ဍာနှစ်အလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်ချက်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်