ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း

ရန်ကုန် ၁၀  ဇွန်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီများ (SWC)၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ (CDT) များ၊ အကူအညီ အထောက်အပံ့ပေးသည့် JICA နှင့် ADB တို့မှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင် ကြံဆတတ်သော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးနိုင်ရေးကို ဦးတည်၍ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက အတည်ပြုထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ယူမှုနယ်ပယ်နှင့် သင်ကြားမည့် အကြောင်းအရာ (Scope and Sequence) အတိုင်း ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုရန်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ၌ အသုံးပြုမည့် Grade-3 နှင့် Grade-6 ကျောင်းသုံးဖတ် စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်တို့ကို အချိန်မီ ရေးသားပြီးစီးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်း ဖြစ်ပါကြောင်း၊ Grade-3 နှင့် Grade-6 ကျောင်းသုံးဖတ်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လိုအပ်ချက် အခက်အခဲ စိန်ခေါ်မှုများကို တင်ပြကြစေလိုကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာစာ သင်ရိုးညွှန်းတမ်းကော်မတီ၊ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းကော်မတီ၊ သင်္ချာ သင်ရိုးညွှန်းတမ်းကော်မတီ၊ သိပ္ပံသင်ရိုးညွှန်းတမ်းကော်မတီ၊ ပထဝီဝင် သင်ရိုးညွှန်းတမ်းကော်မတီ၊ သမိုင်း သင်ရိုးညွှန်းတမ်းကော်မတီ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးညွှန်းတမ်းကော်မတီ၊ ကာယပညာ သင်ရိုးညွှန်းတမ်းကော်မတီဝင်များနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့များက ဘာသာရပ်အလိုက် သင်ယူမှုနယ်ပယ်နှင့် သင်ကြားမည့် အကြောင်းအရာ (Scope and Sequence) ဆောင်ရွက်ထားရှိမှုများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အသုံးပြုမည့် Grade-3 နှင့် Grade-6 ကျောင်းသုံးဖတ်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ ပြုစုဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်း လိုအပ်ချက် အခက်အခဲ မပြည့်စုံမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာရိတ္တနှင့် ပြည်သူ့နီတိ၊ အနုပညာ (ဂီတ)၊ အနုပညာ (ပန်းချီ)၊ ဘောဂဗေဒ၊ ICT ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီများ (SWC)၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ (CDT) များ ဆက်လက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)