ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရားမျှတမှု စင်တာတို့၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ၆  မတ်

           

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှု စင်တာတို့၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့်  ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။

           

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ ရန်ကုန်တရားမျှတမှု စင်တာနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုများ၊  ရန်ကုန်တရားမျှတမှုစင်တာ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များ၊ အဖွဲ့နှင့်စင်တာတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။

           

ယခုပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့နှင့် ရန်ကုန်တရားမျှတမှုစင်တာတို့ ဥပဒေအထောက်အကူပြု လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရားမျှတပြီး လွှတ်လပ် သည့် တရားစီရင်ရေးစနစ်ဖော်ဆောင်မှုကို အထောက်အကူပြုစေရန်၊ ဥပဒေ အထောက်အကူပြု လုပ်ငန်းစဉ်များမှ အတွေ့အကြုံများကို ပူးပေါင်းလေ့လာနိုင်စေရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များနှင့် ရန်ကုန်တရားမျှတမှု စင်တာတို့ ဆက်လက်လုပ်ဆောင်မည့် ဥပဒေအထောက်အကူပြုလုပ်ငန်းများတွင် ပိုမို ပူးပေါင်းကာ လုပ်ဆောင်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က “ရန်ကုန်တရားမျှတမှု စင်တာလို အဖွဲ့အစည်းတွေက ယခင်ကတည်းက အထောက်အကူပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ တာဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်း ဆောင်ရွက်ရာမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီအတွေ့အကြုံတွေကို ပြန်လည်မျှဝေခြင်းဖြင့် အခက်အခဲတွေကို ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် ဒီလိုပူးပေါင်းညှိနှိုင်းမှုတွေ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

 

ဆက်လက်၍ ၎င်းက “ရာဇဝတ်မှုတွေမှာ တရားစွဲခံရတဲ့သူ၊ စွပ်စွဲခံရတဲ့သူ၊ ဖမ်းဆီးခံရတဲ့သူ၊ ချုပ်နှောင်ခံရတဲ့သူ၊ တရားရုံးကို တင်ပို့ခံရသူတွေ တရားရုံးရောက်တဲ့ အခါ ငွေကြေးမတတ်နိုင်လို့ ရှေ့နေမငှါးနိုင်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်စွဲတဲ့ပုဒ်မကို မသိ၊ ဘာကြောင့် အပြစ်ဒဏ်ခံရမှန်းမသိတဲ့အဖြစ်တွေ ပပျောက်အောင် သက်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ပြည်သူတွေကို လိုက်ပါကူညီဆောင်ရွက်ပေးတဲ့လုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပေးနေပါ တယ်” ဟုပြောသည်။

 

ထို့ပြင် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်က “ကျွန်တော် တို့  စင်တာက ကိုယ့်အစီအစဉ်နဲ့ကို ဥပဒေဆိုင်ရာ အထောက်အကူပြုရေး လုပ်ငန်းတွေ ဆောင်ရွက်တယ်။ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နဲ့ ကျွန်တော်တို့ စင်တာတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဥပဒေအထောက်အကူပြုလုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်ကျယ်ပြန့်လာမှာ ဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ စီစဉ်ဖြစ်တာပါ” ဟုပြောသည်။

 

သတင်း-မျိုးသူဟိန်း ဓာတ်ပုံ-ထန်းဖုန်