ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ဝင်ခွင့်စာမေးပွဲ ကျင်းပ

ဟိုပုံး ၂၅ သြဂုတ်  
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်များမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများတို့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ခွင့်ရရေး ဝင်ခွင့်စာမေးပွဲကို သြဂုတ်လ ၂၅ ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဒေသဦးစီးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
 
အဆိုပါဝင်ခွင့်စာမေးပွဲကို ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ ၁၁ ဦးနှင့် ဝိပ္ပံတွဲ ၂၈ ဦး၊ ပင်လောင်းမြို့နယ်မှ သိပ္ပံတွဲ ၃၈ ဦး နှင့်ဝိပ္ပံတွဲ ၆၈ ဦး၊ ဆီဆိုင်မြို့နယ်မှ သိပ္ပံတွဲ ၂၅ ဦးနှင့် ဝိပ္ပံတွဲ ၃၀ ဦး၊ စုစုပေါင်း(၂၀ဝ)ဦး ဝင်ရောက် ဖြေဆိုခွင့်ရသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၁၄၂ ဦးရှိပြီး ပျက်ကွက်သူ ၅၈ ဦးရှိကြောင်းသိရပြီး၊  ဝင်ခွင့် စာမေးပွဲတွင် တက္ကသိုလ်ဝင်တန်းမှ အင်္ဂလိပ်ဘာသာရပ်နှင့် သချာၤဘာသာရပ်တို့ကို ဖြေဆိုခဲ့ကြပြီး၊ ဖြေဆိုမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များတို့က ကြည့်ရှုအားပေးကြကြောင်း သိရသည်။
 
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) တွင် ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်နှင့် အေဂျီတီအိုင်ဘာသာရပ်များ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
 
ထက်ထက်(ဟိုပုံး)