ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက် ပဏာမစစ်ဆေးခြင်းကို လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၁၈)ပါ ဝန်ကြီးဌာန(၇)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူး ၁၈၈ နေရာအတွက် ပဏာမစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

 

အဆိုပါ စာစစ်ဌာများအနက် ရန်ကုန်မြို့ရှိ အ.ထ.က(၄)အလုံနှင့် အ.ထ.က(၇)အလုံ စာဖြေဌာန ၂ ခုသို့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း သွားရောက်၍ အင်္ဂလိပ်စာနှင့် သုတရေးရာ ဘာသာရပ်များ ဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုကြသူများကို အားပေးစကားပြောကြားသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးရာတွင် လူမှန်၊ နေရာမှန်ရေးအတွက် ယခင်စာမေးပွဲစနစ်အစား ပဏာမစစ်ဆေးခြင်းကို ပထမအဆင့်၊ ပထမအဆင့် အောင်မြင်သူများကို Intermediate Level မှ Upper Intermediate Level အဆင့်သို့ မြှင့်တင်စစ်ဆေးမည့် ရေးဖြေစာမေးပွဲကို ဒုတိယအဆင့်၊ ဒုတိယအဆင့် အောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို တတိယအဆင့်စစ်ဆေး၍ ရာထူးရွေးချယ်ရေး လုပ်ငန်းစဉ်ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ပဏာမ စစ်ဆေးခြင်းသည် တတိယအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဏာမစစ်ဆေးခြင်းသို့ ဝင်ရောက် ဖြေဆိုသူပေါင်း ၄၀၂၀ ရှိကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)