ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားတွင် ကြက်ခြေနီမှ အခြေခံရှေးဦးပြုစုခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်

နေပြည်တော် ၂၇ ဇွန်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ လူမှုကရုဏာလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် ပျဉ်းမနားမြို့ရှိ ပညာ့ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော အခြေခံရှေးဦးပြုစုခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသင်တန်းကို ယနေ့တွင် ပညာ့ပန်းတိုင်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်နှင့် တာဝန်ရှိသူများ၊ ပညာ့ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ထူထောင်သူ ဦးကောင်းထက်အောင်၊ ကျောင်းအုပ်ကြီး ဦးစိုးလှိုင်နှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို ဇွန် ၂၇ မှ ၂၈ ရက်အထိ ၂ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပညာ့ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမ (၃၀) တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းအောင်(MRCS)