ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ အားကစားလှုပ်ရှားမှုများ လေ့လာ 

နေပြည်တော်၊ အောက်တိုဘာ ၂၀
    
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများဖြစ်သည့် အ.ထ.က(၅)နေပြည်တော်၊ အ.ထ.က(၆)နေပြည်တော်၊ အ.ထ.က (၁၁) နေပြည်တော် ကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို ဖိတ်ခေါ်၍ ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့သည်။
    
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
    
ထို့နောက် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကျင်းပခဲ့သည့် မှတ်တမ်းဗွီဒီယို ပြသခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ  Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသားလူငယ်များကို အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက် ကြသည်။
    
ယင်းနောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

(သတင်းစဉ်)