ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဆိုတာကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်

နေပြည်တော် ၃  စက်တင်ဘာ

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံနောက်ဆုံးနေ့၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူးတင်စကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ကျွန်မတို့ဒီညီလာခံ ကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အစဉ်တစိုက် လုပ်နေဖို့အရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီညီလာခံထဲမှာရောက်နေတဲ့ အချိန်မှာပဲ ငြိမ်းချမ်း ရေးကိစ္စ စဉ်းစားဖို့ မဟုတ်ပါဘူး။ အစည်းအဝေးတွေကျင်းပနေချိန်မှသာ ငြိမ်းချမ်းရေးကို စဉ်းစားနေဖို့ မဟုတ်ပါဘူး။

 

တစ်ချိန်လုံး ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ဘယ်လိုရအောင်ယူကြမလဲ၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံ့အောင်၊ ချမ်းသာအောင်လို့ ဘယ်လိုလုပ်ကြမလဲဆိုတာ အစဉ် တစိုက် ကျွန်မတို့ စဉ်းစားနေကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခု ဒီညီလာခံကြီးအတွင်းမှာ ဆွေးနွေးခဲ့တဲ့ အရာအားလုံးကို ပြည်သူလူထုသိနိုင်အောင်လို့ ကျွန်မတို့ လွှင့်ပေးပါ တယ်။

 

ဒီလိုလွှင့်ပေးခြင်းအားဖြင့် ပြည်သူလူထုဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးညီလာခံ ထဲမှာ မဖြစ်မနေပါဝင်ရမယ့်ပုဂ္ဂိုလ်များဖြစ်တယ်ဆိုတာကို နားလည်စေချင်တယ်။

 

 

ပြည်သူများအနေနဲ့ ကျွန်မတို့ငြိမ်းချမ်းရေးရဖို့ ဘယ်လိုအခက်အခဲတွေ ကျော်လွှား ဖို့ လိုမလဲဆိုတာကို နားလည်စေချင်တယ်။ အခက်အခဲတွေရှိတယ်ဆိုတာသိမှ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ အဖြေကို ကျွန်မတို့ ရှာနိုင်မှာ ဖြစ် ပါတယ်။

 

အခုဆိုရင် အစုအဖွဲ့ အသီးသီး ပုဂ္ဂိုလ်များအရ၊ အစုအဖွဲ့များအရ ပြောသွားတဲ့နေရာ မှာ ဘယ်သူတွေဟာ အတိတ်ကို ပိုပြီးလှည့်ကြည့်တဲ့နေရာမှာ အားသန်သလဲ၊ ဘယ်သူ တွေဟာ အနာဂတ်ကို မျက်နှာမူတဲ့နေရာမှာ အားသန်သလဲဆိုတာလည်း ပေါ်လာ ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါတွေက ထာဝရမဟုတ်ပါဘူး။

 

အခုချိန်မှာ အတိတ်ကိုလှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တစ်ချိန်မှာ အနာဂတ်ဘက်ကို လှည့်သွား တာလည်းဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျွန်မတို့မျှော်လင့် ပါ တယ်။ အတိတ်ရဲ့ ချည်နှောင်မှုကို ကျွန်မတို့က ခံနေမှာလား။ အနာဂတ်ကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီးတော့ တည်ဆောက်သွားမှာလားဆိုတာကို ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တစ်ခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းအတွက် လည်း မဟုတ် ပါဘူး။ တိုင်းရင်းသားလူမျိုးစုတစ်ခု အတွက်လည်းမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုကြီး အတွက် ဖြစ်တယ်ဆိုတာ ကို ကျွန်မတို့ သဘောပေါက်ဖို့လိုပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင် နေပါတယ်။ ဒါကြောင့်မို့ ဒီခန်းမထဲကဖြစ်စဉ်ကို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စား ကြပါတယ်။

 

ဒီလိုငြိမ်းချမ်းရေးရယူဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ကိစ္စပါ။ အခြားနိုင်ငံတွေ မှာလည်း အခက်အခဲတွေ ကျော်လွှားပြီး ငြိမ်းချမ်းရေးရယူကြတယ်။ အဲလိုရယူတဲ့ အချိန်မှာဆိုရင် မုဒိတာပွားကြတယ်။ စိတ်ချမ်းသာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေထဲမှာဆိုရင် အချင်းချင်းဆက်နွှယ်မှုဆိုတာရှိတယ်။

 

တစ်နေရာမှာ ငြိမ်းချမ်းရေးရသွားပြီဆိုရင် ကျွန်မတို့နိုင်ငံအတွက် မျှော်လင့်ချက်ရ သလို ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး အောင်မြင်မယ်ဆိုရင် တခြားနိုင်ငံတွေအတွက်လည်း မျှော်လင့်ချက်ပေးရာ ရောက်ပါတယ်။

 

ဒါကြောင့် ကျွန်မတို့အားလုံး ကိုယ့်တာဝန်ဟာ ဘယ်လောက်ကြီးမားတယ်။ ဒီ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့အခွင့်အရေးဟာ ဘယ်လောက် ဂုဏ် သိက္ခာရှိတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ အခုဆိုလို့ရှိရင် ဒီညီလာခံဟာ ညီလာခံရဲ့နိဒါန်း ပဲဖြစ်ပါတယ်။ ပထမအစည်းအဝေးပါ။ ပထမ အစည်းအဝေးပြီးရင် နောက်လည်း အစည်းအဝေးတွေလည်း လာဦးမှာပါ။ ကြားထဲမှာ လုပ်စရာတွေအများကြီးရှိပါတယ်။

 

အမျိုးသား အဆင့်ဆွေးနွေးပွဲများလုပ်ဖို့ဆိုတာဟာ ဒီညီလာခံပြီးတာနဲ့ အစည်း အဝေးပြီးတာနဲ့ စတင်ပြီးပြင် ဆင်ရတော့မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဃှဥ ဖိုရမ်တွေ ဖြစ်မြောက်ဖို့ စတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

လုပ်စရာအလုပ်တွေက အများကြီး ပါပဲ။ ဒါပေမယ့် လုပ်ရကျိုးနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ လုပ်နေတာက နိုင်ငံရဲ့အနာဂတ်အတွက် လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဆိုတာဟာ အင်မတန်မှ ကြာရှည်တဲ့ ကာလကြီးပါ။ နိုင်ငံရဲ့အနာဂတ်မှာ ဒီနိုင်ငံရဲ့အရိပ်ကို ခိုလှုံ သွားရမယ့် ပြည်သူပြည်သား များဆိုတာလည်း မရေမတွက်နိုင်အောင် ရှိပါလိမ့်မယ်။

ဒီကမ္ဘာကြီးဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာက ကျွန်မတို့တစ်ယောက်မှ မသိပါ ဘူး။ ကမ္ဘာတည်သရွေ့ ကျွန်မတို့ မှီတင်းနေထိုင်သူများအားလုံး လုံခြုံဖို့အတွက် ကိုယ်စိတ်နှစ်ဖြာချမ်းသာဖို့အတွက်ကျွန်မတို့ လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒါဟာ ကျွန်မတို့ လူဖြစ်ရကျိုးနပ်ပြီလို့ အားလုံးကပြောနိုင်ပြီဖြစ်ပါတယ်။

 

ဒါကြောင့်မို့ ကျွန်မတို့ညီလာခံကို တတ်ရောက်လာတဲ့ ကိုယ်စားလှယ်များအားလုံး၊ ဒီညီလာခံရဲ့ အောင်မြင်မှုမှာ ပါဝင်ရမယ့်ကိုယ်စားလှယ်အားလုံးဟာ လူဖြစ်ရကျိုးနပ် အောင်ကြိုးစားကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ဟာ ဒီလောကကြီးကို လာ သွားရတာဟာ တစ်ခဏလေးပါ။

 

ကျွန်မတို့အသက်ဘယ်လောက်ရှည်နိုင်မလဲ။ ကျွန်မသိသလောက် ကမ္ဘာဆုံး အသက်အရှည်ဆုံးပုဂ္ဂိုလ်ဟာ ၁၂ဝလောက် ဖြစ်ပါတယ်။ ၁၂ဝ ဆိုတာ ဘာမှမဟုတ်ပါဘူး။

 

နိုင်ငံတစ်နိုင်ငံရဲ့သက်တမ်းနဲ့စာလို့ရှိရင်၊ ကမ္ဘာကြီးရဲ့သက်တမ်းနဲ့စာလို့ရှိရင် ၁၂ဝ ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကျွန်မတို့တွေ ကံကောင်းလို့ ကျန်းမာရေးကောင်းလို့ ၁၂ဝ ထိနေနိုင်တယ်ပဲ ဆိုပါဦးစို့၊ ဒီ ၁၂ဝ ဆိုတာ တစ်ခဏလေးပါပဲ။ ကျွန်မတို့လိုအသက် ရောက်နေတဲ့သူတွေဆိုရင် ၁၂ဝ ထိနေဖို့ဆိုတာ သိပ်တော့မကျန်တော့ပါဘူး။ ဒီတော့ ကျွန်မတို့ဟာ ကိုယ်ရှိတဲ့အချိန်လေးကို တန်ဖိုးရှိအောင် သုံးကြပါစို့၊ ကိုယ်ရှိတဲ့ အချိန် လေးကိုအရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီး အာဃာတတွေပွားနေ မယ့်အစား၊ တစ်ဦးပေါ်တစ်ဦး သံသယတွေပွားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှာ ဘယ်လို အာဃာတတွေ ပျောက်အောင်လုပ်မလဲ။

 

ဘယ်လိုဒီသံသယတွေ ကင်းစင်အောင်လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေ အနှစ်တစ်ခုကို ချန်ထားခဲ့မလဲဆိုတာကို စဉ်းစားကြပါစို့လို့ ကျွန်မကနေပြီးတော့ တိုက်တွန်းချင်ပါတယ်။ အခု ကျွန်မတို့ ညီလာခံအတွင်းမှာ တစ်ခါတလေ အထစ် အငေါ့လေးတွေဖြစ်တယ်၊ မပြေလည်တဲ့ကိစ္စတွေရှိပေမယ့် ဒီညီလာခံဖြစ်မြောက် အောင်လို့ လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေအားလုံးကို ကျွန်မလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

 

ဒီညီလာခံလုပ်ဖို့ အချိန်လည်းသိပ်ရှိခဲ့တာ မဟုတ်ဘူး။ အချိန်သိပ်ရှိခဲ့တာမဟုတ် ဒါဆို အချို့ကမေးမယ် ဘာလို့မြန်မြန်လုပ်လဲ၊ ဘာလို့မစောင့်လဲဆိုရင် ဒါက စောင့်ရ မယ့်ကိစ္စလည်းမဟုတ်ဘူး။ ကျွန်မတို့မှာ ရှိတဲ့အချိန်ကိုလုပြီး လုပ်နေရတာပါ။ ရှိတဲ့အချိန် ကို လုပြီးလုပ်တယ်ဆိုတာက ကျွန်မတို့အတွက်လည်း မဟုတ်ဘူး။ ကျွန်မတို့အစိုးရ အတွက်လည်း မဟုတ်ဘူး။

 

ကျွန်မတို့ အစိုးရဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူလူထုရဲ့ထောက်ခံမှု မရှိရင် ဘယ်ကိစ္စကိုမှ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မ တို့က ပြည်သူလူထုရဲ့ယုံကြည်မှု၊ ထောက်ခံမှု၊ ပြည်သူလူထုရဲ့လေးစားမှု ရအောင်လို့ ညီလာခံကြီးဖြစ်မြောက်အောင် အားလုံးကြိုးစား ဝိုင်းလုပ်ဖို့လိုပါတယ်။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြပါတယ်။ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေက သုံးသပ်နေကြပါတယ်။

 

ဘယ်သူတွေဟာ ဘယ်လိုစိတ်ထားရှိတယ်။ ဘယ်လိုပြဿနာတွေ ကျွန်မတို့ အားလုံးကျော်လွှားရမယ်။ ဘယ်သူတွေက ကျွန်မတို့နိုင်ငံအတွက် အဓိကစေတနာ ထားပြီး ကြိုးစားမယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်မှာပါ။ ကျွန်မတို့ ဆုံးဖြတ်လို့ ရတာမဟုတ်ဘူး။

 

လူတစ်ဦးရဲ့တန်ဖိုးဆိုတာ တစ်နေ့တစ်နေ့ပြောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်းနေ့တိုင်းက အခွင့်အရေးသစ်ပါ။ တစ်နေ့နေ့မိုးလင်းလာတာနဲ့ ကိုယ့်မှာ အခွင့် အရေးသစ်တွေရလာတာပါ။ ဒီအခွင့် အရေးသစ်တွေကို ထိုက်ထိုက်တန်တန်သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန်သုံးခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာပါ။

 

အခုပြောသွားတဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့၊ တိုက်ခိုက်တာတို့လည်း ပါသွား ပါတယ်။ ဒီကိုယ်စားလှယ် တွေထဲမှာ ကျွန်မကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက် စရာမရှိဘူးလို့ ကျွန်မဒီလိုပဲယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိဘူး။ ပြဿနာကို စိုးရိမ် စရာမရှိပါဘူး။ ပြဿနာမရှိချင်ယောင်ဆောင်နေရတာဟာ ဒါကသာ စိုးရိမ်စရာ ဖြစ်ပါ တယ်။ ပြဿနာမရှိ ချင်ယောင်ဆောင်နေရင် ပြဿနာတွေဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

 

ဒါကြောင့် သတ္တိရှိရှိနဲ့ဒီပြဿနာတွေကို ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့ အရည်အချင်း တွေ မွေးထုတ်မယ်။ တစ်ဦးကိုတစ်ဦး ကူညီမယ်၊ ဖေးမမယ်။ တစ်ဦးရဲ့အမြင် တစ်ဦးက လေးစားမယ်၊ နားထောင်မယ်။ သဘောထားချင်းမတိုက်ဆိုင်ရင်တောင် ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောထားတွေရှိနေလဲဆိုတာ စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

ကျွန်မ ဒီညီလာခံကြီးကို နေ့တိုင်းမတက်ဖြစ်ဘူး။ ဒါပေမယ့် ကျွန်မဒီဖြစ်စဉ်ကြီး ကို အင်မတန်မှ အလေးထားပါတယ်။ ကျွန်မတို့အစိုးရက အဓိကအင်အားက ပြည်သူ တွေ လက်ထဲမှာရှိတယ်ဆိုတဲ့ မူကို အလေးထားပါတယ်။ အစိုးရအဖွဲ့ဆိုတာ ပြည်သူ လူထုရဲ့ သဘောထားတွေကို လိုက်နာဖို့နဲ့ အလေးထားဖို့က အရေးကြီးပါတယ်။

 

ကျွန်မတို့ဟာ အစိုးရကောင်းတစ်ခု ဖြစ်အောင်ကြိုးစားနေပါတယ်။ (၂၁) ပင်လုံ ဟာ ၁၉၄၇ ခုနှစ် ကျင်းပခဲ့တဲ့ပင်လုံလိုပဲ ကျွန်မတို့နိုင်ငံသမိုင်းမှာ ဂုဏ်ယူစရာ၊ ဝင့်ကြွား စရာ၊ အားတက်စရာ အခမ်းအနားကြီး၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်ဖို့ ဝိုင်းဝန်းကြိုးစားကြပါလို့ပြောရင်းနိဂုံးချုပ်ပါတယ်။