ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး သုံးရက်တာ ကျင်းပ

ရန်ကုန် ၁၄   စက်တင်ဘာ 

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၂ မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ယခု အစည်းအဝေးတွင် ပဋိပက္ခဖြစ်စဉ်များ လျှော့ချနိုင်ရန်အတွက် အဆိုပါဒေသများမှ ခေါင်းဆောင်များတွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ယခု အစည်းအဝေးတွင် (၁၇)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြခြင်း၊ အောက်တိုဘာ (၁) ရက်မှနေ၍ တစ်နှစ်တာ ဆက်လက်ဆောင်ရွက်မည့် JMC လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာ ငွေကြေးကိစ္စ ရှင်းလင်းခြင်း၊  နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ တင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိရေး ဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း၊ JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များနှင့် ပတ်သက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှုများအား တင်ပြခြင်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယနေ့ အစည်းအဝေးအပြီးတွင် JMC-U ၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်နှင့် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံကာ JMC-U အစည်းအဝေး သုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သည်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို သတင်းမီဒီယာများအား ရှင်းလင်းပြောကြားသည်။

 

သုံးရက်တာ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါက်တာရွှေခါးရ်က “  အရေးကြီးတဲ့ကိစ္စဖြစ်တဲ့ ဒေသခံအရပ်သား စောင့်ကြည့်သူ (LCM) များနဲ့ ပတ်သက်ပြီးဆွေးနွေးဖြစ်တယ်။ အဲ့ဒီကိစ္စက ညှိနှိုင်းခဲ့တာ တော်တော်ကြာပါပြီ။ လောလောဆယ် ရှေ့ပြေးအစီအစဉ်အနေနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ လုပ်ဖို့ စီစဉ်ထားတော့ LCM နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စွမ်းရည်၊ ဆောင်ရွက်ချက်တွေကိုဆွေးနွေးခဲ့ကြတယ်။  နော်ဝေခရီးစဉ်၊အရပ်သားကိုယ်စားလှယ်များအနေနဲ့ ပညာရှင် စကားဝိုင်းလုပ်တာမျိုးရှိတော့ အတွေ့အကြုံ ဖလှယ်မှုတွေ လုပ်ခဲ့ပါတယ်။ သုံးရက်တာ ကျွန်တော်တို့ အစည်းအဝေးက ဆုံးဖြတ်ချက် ၁၅ ခုနဲ့ ပြီးခဲ့ပါတယ်။ အရပ်သားတွေ့ဆုံမှု ဘက်က ထွက်လာတဲ့ မူတွေအရ JMC ဘက်မှာ ချမှတ်ရမယ့် မူတွေလည်း ထွက်လာပါတယ်။ အဲ့ဒီကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

 

 

နယ်မြေတည်ဆောက်ခြင်း၊  အင်အားတည်ဆောက်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် အဖွင့်မိန့်ခွန်းတွင် JMC-U ဥက္ကဋ္ဌ ပြောခဲ့သည် အကြောင်းအရာနှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး  မည့်သည့် အဖွဲ့အစည်းများကို ရည်ညွှန်းသည် ဆိုသည့် အချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ယခုကဲ့သို့ပြောကြားသည်။

 

ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ အဓိကက JMC မှာ စောင့်ကြည့်ရေး ကော်မတီ အနေနဲ့ ပဋိပက္ခတွေကို စောင့်ကြည့်တာပါ။ အချို့နေရာတွေမှာ ပဋိပက္ခဖြစ်စဉ်လေးတွေ ရှိပါတယ်။ အဲ့ဒီလိုရှိတဲ့ အပေါ်မှာ အခြေခံပြီးတော့ နယ်မြေဝင်ရောက် ကျော်လွန်မှုဆိုတဲ့ အနေအထားမျိုးတွေ ရှိနေပါတယ်။ အဲ့ဒီပဋိပက္ခတွေကို လျှော့ချနိုင်ဖို့ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ဖို့ အင်အားတိုးချဲ့ တည်ဆောက်မှုတွေ၊ နယ်မြေကျော်လွန် သွားလာမှုတွေကို ပြောတာပါ” ဟုပြောသည်။

 

JMC-S တနင်္သာရီတွင် မွန်ပြည်သစ်ပါတီ ပါဝင်လာနိုင်ရေး တောင်းဆိုထားသည့်ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာရွှေခါးရ်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း တင်ပြလာပါတယ်။ JMC က အားလုံး သိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ လုပ်နိုင်တဲ့ ဘောင်အတွင်းမှာ လုပ်ရတာ ဖြစ်ပါတယ်။ JMC အဆင့်မှာ နှစ်ဖက် ညှိနှိုင်းပြီး ဆုံးဖြတ်ချက် မရနိုင်တာကြောင့် JICM(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး)  အဆင့်မှာ ထပ်ပြီးတော့ ဆွေးနွေးပါဆိုပြီး တင်ပြထားပါတယ်” ဟု ပြောသည်။

 

ယခုအစည်းအဝေးတွင် JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများကို ဆွေးနွေးခဲ့ရာတွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြားကာလအတွင်း RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်) အနေဖြင့် တပ်သားသစ် စုဆောင်းမှုကို JMC-S ရှမ်းက ကန့်ကွက်ခဲ့သည်များ ရှိကြောင်း၊ NRPC အနေဖြင့်လည်း အဆိုပါစုဆောင်းခံရမှုကိစ္စရပ်တွင် NLD လူငယ်များပါဝင်၍ JMC-U တွင် ဖြေရှင်းသွားရန် အကြောင်းကြားစာ များပေးပို့ခဲ့ကြောင်း၊ လူသစ်စုဆောင်း၍ ခေါ်ဆောင်သွားခဲ့သူများကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ကိစ္စရပ်ကို JMC အနေဖြင့် စိစစ်၍ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီဒီယာများအားရှင်းလင်းပွဲမှသိရသည်။

 

ဒေါက်တာရွှေခါးရ်က “ RCSS နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်လေး ဆွေးနွေးခဲ့ပါတယ်။ လောလောဆယ်မှာ နှစ်ခု စီစဉ်ထားပါတယ်။ လောလောဆယ် နှစ်ဖက်ဆုံးဖြတ်ချက်ချနိုင်မယ့် တပ်မှူးကိစ္စ အရေးကြီးပါတယ်။ အဲဒါကို နှစ်ဖက်လုံးက လက်ခံထားပါတယ်။ လောလောဆယ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ငြိမ်းချမ်းရေးကောင်မရှင် (P.C) ဘက်က တွေ့ဆုံခဲ့တာ ရှိပါတယ်။  အဲဒီကိစ္စကို ရှင်းလင်းခဲ့ကြပြီး လောလောဆယ် RCSS က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့ ဘက်ကလည်း စာရေးသားပြီး ဖြစ်ပါတယ်။ မကြာခင်တွေ့ဆုံနိုင်မယ်လို့ ယူဆရပါတယ် ၊ ဒုတိယအနေနဲ့ နှစ်ဖက် မြေပြင် တပ်မှူးတွေ အချင်းချင်းတွေ့ဆုံဖို့ ဆွေးနွေးတယ်။ အခြားနေရာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိသလောက် ဆိုတော့ ရှမ်းပြည်နယ်မှာလဲ RCSS နဲ့ အစိုးရ တပ်မတော်ကြား မြေပြင်တပ်မှူးတွေ တွေ့ဆုံနိုင်ဖို့ လုပ်ထားတယ်။ ကျွန်တော့်အမြင်ကတော့ နှစ်ဖက် ဆုံတွေ့နိုင်ရင် ပြေလည်မယ်လို့ ယူဆပါတယ်။ မကြာခင်မှာ တွေ့ဆုံဖို့ ယူဆပါတယ် ”  ဟုပြောသည်။

 

ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များကို ရှေ့ပြေးအဖြစ် JMC-S မွန်နှင့် JMC-S ကရင်တို့တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယနေ့ရှင်းလင်းပွဲမှ သိရသည်။

 

“JMC-S မွန်မှာဆို ကျိုက်မရောမြို့နယ် လမုခွံရွာကို အကြမ်းဖျင်းရွေးထားပါတယ်။ ကရင်မှာတော့ ကော့ကရိတ်မြို့နယ်က လောင်းကိုင်နဲ့ လောင်ဒဘွဲ ပေါ့။ အထူးသဖြင့်  ပဋိပက္ခ ဖြစ်နိုင်တဲ့ နေရာတွေမှာ ရှေ့ပြေးအနေနဲ့ ဆောင်ရွက်သွားဖို့ ရွေးချယ်ထားပါတယ်။ JMC-S မှာ LCM ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊  လုပ်ငန်းတာဝန်၊ အရေးပါမှုတွေကို သွားရောက် ရှင်းလင်းပါတယ်။ အဲဒီကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြပါတယ်” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

 

လာမည့်နှစ်တွင် JMC သည် အစီအစဉ်တစ်ခုအနေဖြင့် ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များအတွက် ပိုမိုဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များ၏ ဆောင်ရွက်ချက်များ ပိုမိုလုပ်ကိုင်နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၁ သန်းခန့် အကုန်အကျခံ ဆောင်ရွက်သွားနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

(၁၈) ကြိမ်မြောက် JMC-U အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁)  စောအိုင်းဇက်ဖိုး (KNU) နှင့် ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့ အပါအဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သား ကိုယ်စားလှယ်များ၊ အထောက်အကူပြု အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့သည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်