ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး ဓာတ်မှန်ပညာ၊ နှလုံးနှင့်သွေးကြောရောဂါကု ဆေးပညာနှင့် ခွဲစိတ်ပညာ၊ စိတ်ကျန်းမာရေးပညာတို့မှ ဆေးပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်  ၆ ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယမန်နေ့မွန်းလွဲပိုင်းတွင်  ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ပြုလုပ်သည့် ဓာတ်မှန်ပညာ၊ နှလုံးနှင့် သွေးကြောရောဂါ ဆေးပညာနှင့် ခွဲစိတ်ပညာ၊ စိတ်ကျန်းမာရေးပညာတို့မှ ဆေးပညာရှင်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ကုသရေးကဏ္ဍကြီးတစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များကို ဦးစားပေးအဆင့်များ သတ်မှတ်၍ အဆင့်လိုက် အပိုင်းလိုက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာပညာရပ်ဆိုင်ရာ ပါရဂူများ၊ ပါမောက္ခများ၊ ပညာရှင်ကြီးများက အကြံဉာဏ်များဆက်လက် ပေးအပ်စေလိုပါကြောင်း၊ ဓာတ်မှန်ပညာ၊ ရောဂါဗေဒပညာရပ်အပါအဝင် ဆေးပညာရပ်များ အားလုံးသည် သီးခြားဆောင်ရွက် ကုသမှုပေးရသည့် ပညာရပ်များ မဟုတ်ဘဲ ပညာရပ်ဆိုင်ရာအမြင်များ ဖလှယ်ခြင်းဖြင့် စုစည်းချိတ်ဆက် ကုသမှုပေးရခြင်းသာ ဖြစ်ပါကြောင်း၊ လူနာတစ်ဦးချင်းစီ၏ ဖြစ်ပွားနေသော ရောဂါအမျိုး အစားနှင့် အခြေအနေတို့ကို တိကျစွာသိရှိ နိုင်စေရန်အတွက် ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် ရောဂါဗေဒ ပညာရပ်တို့သည် အဓိကကျပါကြောင်း။

 

ဓာတ်မှန်ပညာရပ်နှင့် ရောဂါရှာဖွေ စစ်ဆေးမှု ပညာရပ်များ ကောင်းမွန်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို မှန်ကန်စောစီးစွာသိရှိ၍ ကုသမှုပေးနိုင်ခြင်း၊ ကုသမှုကို ထိရောက်စွာ အထောက်အကူပြုနိုင်ခြင်းနှင့် သက်သာပျောက်ကင်းမှု အခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကာ လူနာများ၏ အသက်ကို ကုသကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာစွမ်း ရည်မြင့်မားရုံသာမက ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှု အထောက်အကူပြု ဆေးပစ္စည်းနှင့် စက်ကိရိယာများ၏ အရည်အသွေးကောင်းမွန်မှန်ကန်ခြင်းသည်လည်း အဓိကကျသည်ဖြစ်၍ ဝန်ကြီးဌာနမှ အရည်အသွေး မြင့်မားပြီး တာရှည်ခံ ကာရင်းနှီးသုံးစွဲရသော ဘဏ္ဍာငွေနှင့် ထိုက်တန်သည့် ကုသမှုအကျိုးကျေးဇူးများရရှိနိုင်သည့် ဆေးပစ္စည်းနှင့် စက်ကိရိယာများဝယ်ယူ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင် (၂၀၀)နှင့် (၁၀၀) ဆေးရုံများ၏ ကျန်းမာရေးဝန်ထမ်းအင်အား၊ ကျန်းမာ ရေးစောင့်ရှောက်ခြင်း လွှမ်းခြုံမှုပေးရသည့် လူဦးရေ၊ လူနာအရေအတွက်၊ ရောဂါ ဖြစ်ပွားမှု အမျိုးအစားနှင့် အရေအတွက် စသည့် အချက်များကို ခြုံငုံသုံးသပ် လျက်ရှိပြီး ဆေးရုံအလိုက် လိုအပ်ချက်နှင့်အညီ ကျိုးကြောင်းဆီလျှော်စွာဖြင့် သာတူညီမျှဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ ပညာရပ်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများကိုလည်း မျက်ခြေမပြတ်စေရေး ပိုမိုဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာမှ ပညာရှင်ကြီးများကို ဖိတ်ခေါ်၍ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ယခုထက် ပိုမိုပြုလုပ်သွား စေလိုပြီး ထိုသို့ ပြုလုပ်မည့် အစီအစဉ်များကိုလည်း နိုင်ငံတစ်ဝန်းလုံးရှိ ဆေးပညာရှင်များသိရှိ ပါဝင်နိုင်စေရေး ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များမှ တစ်ဆင့် သတင်းဖြန့်ဝေ ကြေငြာပေးရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတကာမှ တက္ကသိုလ်များ၊ ပညာရှင်များနှင့် ချိတ်ဆက်၍ Multi-centric Research များကိုလည်း ပိုမိုဆောင်ရွက်သွားကြစေလိုပါကြောင်း၊ နိုင်ငံ တွင်း သင်ကြားလျက်ရှိသော ဘွဲ့လွန်သင်တန်းများပိုမိုတိုးတက်ကောင်း မွန်စေ ရေးအတွက် မွမ်းမံပြင်ဆင်သင့်သည့် အချက်များကိုလည်း အကြံပြုသွားကြစေ လိုကြောင်း၊ ဓာတ်မှန်ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေး စွမ်းရည်မြှင့်သင်တန်းများပြုလုပ်ရာတွင် ဆေးတက္ကသိုလ်များရှိ ဆေးပညာ သင်ကြားမှုဌာန (medical education unit) များ၊မြန်မာနိုင်ငံဆေး ပညာရှင် အသင်းနှင့် ဓာတ်မှန်ပညာရှင်များအသင်းတို့၏ အကူအညီရယူဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ဓာတ်ရောင်ခြည်ဘေးအန္တရယ် အပါအဝင် လုပ်ငန်းခွင် ဘေးကင်း စေရေးအတွက်ကိုလည်း အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

သုတေသနနှင့် ဆေးပညာကျင့်ဝတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင် လျက်ရှိပါကြောင်း၊ ပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် မြန်မာနိုင်ငံနှင့်ကိုက်ညီ ဆီလျော်မည့် လုပ်ငန်း စဉ်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆောင်ရွက်သွားကြပါရန်တိုက် တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဓာတ်မှန်ပညာဆိုင်ရာ အထူးအကြံပေးပညာရှင် ပါမောက္ခဒေါက်တာ တင့်လွင်က ဓာတ်မှန်ပညာ ဘွဲ့လွန်သင်တန်း သင်ရိုးညွှန်းတန်းနှင့် ပတ်သက်၍ အကြံပြုချက်များ၊ ဆေး တက္ကသိုလ် (၁)၊ ရန်ကုန်၊ ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ဌာနမှူးပါမောက္ခ ဒေါက်တာခင်လေးစုက ဓာတ်မှန်ပညာရပ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လက်ရှိအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆေးတက္က သိုလ် (၂)၊ ရန်ကုန်၊ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသမှုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော်၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ နှလုံးဆေး ကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်နှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မြင့်စိုးဝင်းတို့က  နှလုံးနှင့်သွေးကြော ကုသမှုပညာရပ် ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (မူကြမ်း)တွင် ပါဝင်သော ရန်ကုန်နှင့် မန္တလေးတို့တွင် Center of Excellence များတည်ထောင်သွားရန်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်တွင် ပြည်သူလူထု အခြေပြု နှလုံးနှင့်သွေးကြော ရောဂါကာကွယ် ကုသ ရေးလုပ်ငန်းများကို အဆင့်လိုက် အပိုင်းလိုက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၊ စိတ်ကျန်း မာရေး ပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာတင်ဦးက စိတ်ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

 

ယင်းနောက် တင်ပြဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် ဆေးပညာဘာသာရပ် အသီးသီးအတွက် ပညာရပ် ဖွံ့ဖြိုးတိုးတက်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် ပထမအဆင့်အနေ ဖြင့် အထူးကုဆရာဝန်ကြီ (ဆေးပညာ) များဦးဆောင်၍ နှလုံးရောဂါ အထူးကြပ် မတ်ကုသဆောင် (coronary care unit - CCU) များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အတွက်လိုအပ်သည့်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဆေး တက္ကသိုလ်များရှိ သင်ကြားရေးဆေးရုံကြီးများတွင် စိတ်ကျန်းမာရေး ကုသမှု ဌာနခွဲများဖွင့် လှစ်ထားရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ စိတ်ကျန်းမာ ရေးပြဿနာ အမျိုးအစားနှင့် ပမာဏကိုသိရှိနိုင်ရန် စိတ်ကျန်းမာရေး အခြေ အနေသုတေသနစစ်တမ်းတစ်ခုကိုလည်း ကောက်ယူသွားရန်နှင့် လိုအပ်သော ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။

 

ယခုတင်ပြ အကြံပြုချက်များမှ ချက်ချင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပြီး ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်း အဆင့်လိုက် အပိုင်းလိုက် ပံ့ပိုးညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)