ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အနုပညာစကားဝိုင်း(၂)

၁၁  ဖေဖော်ဝါရီ

တောင်တန်းဒေသနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွ ရယူကြရန် သဘောတူညီပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည်တည်တံ့စေရန်နှင့် တိုင်းရင်းသားများ စည်းလုံးချစ်ကြည်စွာ အတူတကွ စုစည်းနေကြရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်လှပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကဗျာဆရာများကလည်း ၎င်းတို့၏ ရင်တွင်းခံစားချက် အနုပညာများဖြင့် ကဗျာများ ရေးစပ်သီကုံးပြီး တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လျက် ရှိကြပါသည်။

ပြည်ထောင်စုနေ့ ဂုဏ်ပြုအထူးအစီအစဉ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အနုပညာခေါင်းစဉ်ဖြင့် စကားဝိုင်းအစီအစဉ် (ဒုတိယပိုင်း)တွင် အစီအစဉ်မှူး မနီတာနှင့်အတူ ကိုလေး(အင်းဝဂုဏ်ရည်)၊ မုံရွာအောင်ရှင်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်လင်းရိပ်တို့က ငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ ရေးစပ်ထားသော ကဗျာများဖြစ် သည့် အိမ်၊ ပြည်ထောင်စုရဲ့ လက်ခုပ်သံ၊ အသိုက်၊ ထပ်တလဲလဲတို့နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များ ကို ဖော်ပြအပ်ပါသည်။

အစီအစဉ်မှူး မနီတာ ။ ။ ဒီနေ့မှာ ဆရာကိုလေး (အင်းဝဂုဏ်ရည်) က အရင်ဆုံး ငြိမ်းချမ်းရေးကဗျာလေးတစ်ပုဒ် ချီးမြှင့်ပေးပါ ဦး။

ကိုလေး(အင်းဝဂုဏ်ရည်) ။ ။ တိုက်ပွဲတွေက ၁၂ နှစ်သားကစပြီး ဒီနေ့ ၈၄ နှစ်အထိနှစ် ၇၀ ကျော် ရှိပါပြီ။ စစ်ပွဲဆိုတာ နိုင်ငံရေးပွဲရဲ့အဆက်၊ အဲဒီစစ်ပွဲတွေကြောင့်မို့လို့ ငြိမ်းချမ်းရေးက မရနိုင်ဘူး။ အဲဒါကြောင့် ဘာပဲပြောပြော စားပွဲမှာစုဝေးပြီးတော့ ငြိမ်းချမ်းရေးစကား ပြောရအောင်ပါ။ တိုက်တွန်းချင်ပါတယ်။ ညီအစ်ကိုချင်းတွေပါ။ ဒီလောက် ဆို တော်လောက်သင့်ပါပြီ။

- မငြိမ်းချမ်းသမျှတော့ ကိန်းဂဏန်းက တိုးနေဦးမှာပဲ။

- သေသူ

ပြတ်သူ

ငတ်သူ

ဒီလူတွေ

ဟောဒီလူတွေ

ဘယ်သူတွေလဲ

ကဲ... ။

မေးချင်ပါတယ်။ သေတဲ့သူတွေ အများကြီး၊ ပြတ်တဲ့သူတွေ အများကြီး၊ ငတ်တဲ့သူတွေ အများကြီး၊ အဲဒီ ဘဝက ရုန်းထွက်ပြီးတော့ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကြီး အမြန်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အစီအစဉ်မှူး ။ ။ အခုလိုပညာ၊ သမ္ဘာ၊ မေတ္တာတရားတွေနဲ့ မီးမောင်းထိုးပြ ပေးသွားတဲ့ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ဆရာမုံရွာအောင်ရှင် ကလည်း ပြည်ထောင်စုအတွက် လက်ဆောင်ကဗျာလေး တစ်ပုဒ် ပေးပါရှင့်။

မုံရွာအောင်ရှင် ။ ။ ကျွန်တော်က ပြည်ထောင်စုနဲ့ ပတ်သက်လို့ ကဗျာလေးတစ်ပုဒ် ရွေးထားပါတယ်။ ကဗျာဆရာ နောင်ဝင်းထွန်းရဲ့ ပြည်ထောင်စုရဲ့လက်ခုပ်သံဆိုတဲ့ ကဗျာလေးကို ရွတ်ချင် ပါတယ်။ အဲဒီလို မရွတ်ခင်မှာ ဒီကဗျာနဲ့ ပတ်သက်ပြီး စဉ်းစားမိ၊ တွေးမိတာလေး ရှိပါတယ်။ အချက်နှစ်ချက် တွေ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်ထောင်စု တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ ကျော် ရှိတယ်။ အဲဒါကိုက ညီညွတ်ခြင်းရဲ့ အခြေခံလို့ ကျွန်တော်က မြင်တယ်။ Diversity of Unity ပေါ့။ အဲဒါကို တစ်ချက်တွေ့မိတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်နေ့က ပြောသွားတဲ့ သွေးချင်းဆိုတာ ခန္ဓာကိုယ်ထဲကသွေးကို ပြောတာထက် အချင်းချင်း သွေးစည်းညီညွတ်မှု သို့မဟုတ် အရေးကြီးရင် သွေးစည်းညီညွတ်စို့ဆိုတဲ့ အဓိပ္ပာယ်ကို ဆိုလိုတာလို့ ပြောပါတယ်။ အဲဒီအခြေခံတွေအပေါ်မှာ ကျွန်တော်က ပြည်ထောင်စုရဲ့ လက်ခုပ်သံဆိုတဲ့ကဗျာကို ရွတ်ချင်တာ ဖြစ်ပါတယ်။

ဟောဒါ လက်ဝဲဘက်

ဒီဟာ လက်ယာဘက်

ပညတ်ချက်အစွဲနဲ့ သွေးကွဲစိတ်မွေးနေရင်

လက်ခုပ်သံတွေ အေးခဲသွားလိမ့်မယ်။

ဒါက လက်ဝဲဘက်

ဒီမှာ လက်ယာဘက်

သူ့ဘက်ကိုယ့်ဘက် အစွဲကင်း ချစ်ခြင်းရဲ့ကုထုံး

စည်းလုံးခြင်းကအင်အား နှလုံးသားနဲ့အဖြေရှာ

သစ္စာတရားကို ယုံကြည်၊ ညီညွတ်မှုက ငြိမ်းချမ်းရေး

တို့လက်ခုပ်သံတွေ သွေးမအေးကြပါနဲ့တော့။

ဟောဒါ လက်ဝဲဘက်

ဒီဟာလက်ယာဘက် နှစ်ဖက်သွေးစည်း

ငြိမ်းချမ်းရေးခရီး မဖင့်အောင်

တစ်ပြည်လုံးသယ်ဆောင် ခြိမ့်ခြိမ့်ညံမယ့်

ပြည်ထောင်စုလက်ခုပ်သံတွေ ရွက်လွှင့်ကြစို့။ ။

ပြည်ထောင်စုရဲ့လက်ခုပ်သံဆိုတဲ့ ကဗျာမှာ အဓိပ္ပာယ် တွေ အများကြီးရှိလို့ ကျွန်တော်က ဒီကဗျာကို ရွေးတာပါ။ အဲဒီတော့ ဆုတောင်းချင်တာကတော့ မြန်မာနိုင်ငံရဲ့ နေရောင်ခြည်ကျရောက်တဲ့နေရာတိုင်းမှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးတွေ ပြည့်လျှံနေပါစေ။ ငြိမ်းချမ်း ရေးနဲ့ ပန်းပေါင်းတစ်ရာ ပွင့်ပါစေလို့ ဆုတောင်းချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ အခုတစ်ခါမှာတော့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ခံစားချက်ကို ကြားချင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း) ။ ။ ပြည်ထောင်စု သွေးစည်းညီညွတ်မှုကိုရရှိဖို့ အဓိကအရေးကြီးတာက ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုက ဆက်နေတယ်လို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော် ဒီနေ့ဆွေးနွေးမယ့် ခေါင်းစဉ်အရလည်း ငြိမ်းချမ်း ရေး၊ အဲဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးဖြစ်တဲ့ ကဗျာက ဒီလိုပါ။ ဘယ်လိုပြောမလဲဆိုတော့ ပြည်ထောင်စုဆိုတဲ့ အသိုက်၊ အဲဒီအသိုက်ထဲက ဥတွေဟာ ကျွန်တော်တို့ လိုချင်တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး အစရှိတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး ဥတွေ ဟာ အဲဒီအသိုက် မပျက်မှ အမြဲရှိနေမှာပါ။ အဲဒီအသိုက် မပျက်အောင် အသိုက်တည်နေရာက အရေးကြီးတယ်ဗျ။ အဲဒီအသိုက်က မြေကြီးပေါ် လူသွားလူလာများတဲ့နေရာမှာဆို အသိုက်က ပျက်မှာပဲ။ အသိုက်ထဲက ကျွန်တော်တို့ လိုချင်တဲ့ ဥတွေလည်း ကွဲမှာပဲ။ အဲဒီအသိုက်ရှိဖို့ သစ်ပင် မြင့်မြင့်လိုမယ်လို့ ကျွန်တော် တွေးပါတယ်။ အဲဒီသစ်ပင်က ငြိမ်းချမ်းရေး သစ်ပင်ပါ။ ပြန်ပြီး ချုံ့ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးသစ်ပင်ပေါ်မှာ အသိုက်ရှိမှ အထဲကဥတွေ မကွဲဘဲ နေလိမ့်မယ်။ အဲဒီအတွေး ကျွန်တော် တွေးပေမယ့် ကဗျာမရေးဖြစ်သေးဘူး။ ဘယ်အချိန်မှာ သွားရေးဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားငယ် အင်္ဂလန်မှာ တွေ့တယ်။ အဲဒီမှာ ဓာတ်ပုံတစ်ပုံ တက်လာတယ်။ အဲဒီဓာတ်ပုံက ကျွန်တော့်ကို ကဗျာရေးဖြစ်အောင် လှုံ့ဆော်ပေးလိုက်တယ်။ အဲဒီကဗျာလေးကို ကျွန်တော် ရွတ်ပြပါရစေ။ ကဗျာခေါင်းစဉ်က အသိုက်ပါ။

အသိုက်

- ချစ်သူကိုခွဲ

ရင်ကွဲပါစေ

နေခဲ့ ချန်ခဲ့ ပြန်မလှည့်တော့။

- အသိုက်ပျက်ရ

ဥတွေကျကွဲ ရင်ထဲမြိုက်လောင်

မြင်းမိုရ်တောင်ထိပ် ချော်ရည်ဖိတ်စဉ်

တိရစ္ဆာန်တောင်မှ သူ့အသိုက်ကိုမစွန့်။

- သူ့အသိုက်ပျက်ပါစေ

သူ့အဖေ

တည်ထောင်ခဲ့တဲ့အသိုက်ထဲ

ဥမကွဲသိုက်မပျက်

အဲဒီအဲဒီ

မျှော်လင့်ချက် အသိန်းအသန်းနဲ့

ငြိမ်းချမ်းရေးသစ်ပင် စိုက်နေသည်။

ကျွန်တော် အဲဒီလိုပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ခံစား ရပါတယ်။ ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ ကဗျာလေးက ကောင်းလိုက်တာ။ အဲဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ အနုပညာစကားဝိုင်းအတွက် ဆရာ့ရဲ့ ဆုတောင်းစကားလေး ကိုလည်း ပြောပြပေးပါဦး။

မောင်စိန်ဝင်း(ပုတီးကုန်း) ။ ။ တိုတို ပြောရရင်တော့ချိုးငှက်တွေ အသိန်းအသန်းနဲ့ ကျွန်တော်တို့နိုင်ငံ အမြန်ဆုံးငြိမ်းချမ်းပါစေ သတည်းဆိုတဲ့ ဟာမျိုးလေးပဲ ကျွန်တော်ပြောပါရစေ။

အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ ဆရာမောင်လင်းရိပ် အနေနဲ့လည်း ကဗျာတွေအများကြီး ရေးဖူးမှာပါ။ အဲဒီထဲက ကဗျာတစ်ပုဒ် လောက် ရွတ်ပြပေးပါဦး။

မောင်လင်းရိပ် ။ ။ နောက်ထပ် ကျွန်တော် စဉ်းစားထားတဲ့ ကဗျာတစ်ပုဒ်က ကျွန်တော့်ရဲ့ ထပ်တလဲလဲဆိုတဲ့ ကဗျာပါ။ ကျွန်တော် ထပ်တလဲလဲဆိုပြီး ခေါင်းစဉ်ပေးထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကဗျာကို မူကွဲသုံးမျိုးလောက် ကျွန်တော် တင်ဆက်ခဲ့ဖူးပါတယ်။ ပထမဦးဆုံးတော့ငါတို့ အိပ်မက်ကဗျာတွေဆိုတဲ့ စုပေါင်း ကဗျာစာအုပ်မှာ သူ့ကို အရေးအသား ပုံနှိပ်မူအနေနဲ့ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ နောက်ထပ် ဒီကဗျာကိုပဲ ဗီနိုင်းစ အရှည်ကြီးမှာ စပ်ပြီးတော့ ရေးထားပြီးတော့၊ ဘာကြောင့်ဆိုတော့ ကျွန်တော့် ကဗျာက ငြိမ်းချမ်းရေးမရသေးသရွေ့ ဆက်ပြီးတော့ ဆက်နေရမှာဆိုတော့ ကျွန်တော့် ကဗျာက မဆုံးတဲ့ကဗျာပါ။အဲဒီဗီနိုင်းစအရှည်ကြီးနဲ့ စာပေ၊ အနုပညာ နဲ့ ပန်းချီအင်အားစုသုံးခု၊ ပန်းချီသမဂ္ဂ၊ စာရေးဆရာသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ ပေါင်းပြီးတော့လုပ်ကြတဲ့ ငြိမ်းချမ်းရေး ပွဲတော်ဆိုတဲ့ ပန်းချီပြခန်းလေးခုမှာ လှည့်ပြီးတော့ လေးရက်လောက် လုပ်တယ်၊ ပန်းဆိုးတန်း ပန်းချီပြခန်း မှာလုပ်တဲ့ပွဲမှာ ကျွန်တော် ဒီကဗျာကို Installation အနုပညာတစ်ရပ်အနေနဲ့ ကျွန်တော် ပြခဲ့ဖူးပါတယ်။

နောက်တစ်ခါက လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက် က ရန်ကုန်မှာလုပ်တဲ့ မိုင် ရန်ကုန်(My Yangon) ဆိုတဲ့ပွဲ၊ သခင်မြပန်းခြံမှာလုပ်တဲ့ပွဲမှာ Installation Performance အနေနဲ့ ပရိသတ်ပါ ပါဝင်ပြီး ကျွန်တော့်ကဗျာမှာ ပါဝင်တဲ့ စာသားတွေကို လယ်ကိုအပြားတွေအဖြစ် ဖန်တီးပြီးတော့ ပရိသတ်ပါဝိုင်းပြီး ငြိမ်းချမ်းရေးလမ်းကို အတူဖန်တီး ခဲ့ကြတဲ့ အဲဒီလိုအနုပညာအဖြစ် ကျွန်တော် တင်ဆက် ခဲ့ဖူးပါတယ်။

အဲဒီကဗျာကိုပဲ အခု ကျွန်တော် ဖတ်ပြချင်ပါတယ်။ ကဗျာက ထပ်တလဲလဲပါ။

ထပ်တလဲလဲ ပြောရမယ့်အကြောင်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ တင်ရမယ့်ခေါင်းစဉ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ စိုက်ရမယ့်သစ်ပင်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ နမ်းရမယ့်ပန်းပွင့်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ကလစ်ရမယ့် လင့်ခ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ရှာရမယ့်ကြယ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ကူးညှိရမယ့်အလင်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ လှမ်းရမယ့် ပန်းတိုင်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ နီးရမယ့်မြို့တော်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ဆိုရမယ့်သီချင်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ သရမယ့်ကြေးမုံက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ထိုးရမယ့်ခေါင်းလောင်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ရေးရမယ့်အသားက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ကြောင်းရမယ့်လမ်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ဆိုက်ရမယ့်ကမ်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ လန်းရမယ့်ဂီတက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ တည်ရမယ့်သန္ဓေက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ဖွားရမယ့်သတို့သားက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ စီးရမယ့်စမ်းက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ရွာရမယ့်ကဗျာက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ သရမယ့်ကြေးမုံက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ကလစ်ရမယ့်လင့်ခ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ တင်ရမယ့်ခေါင်းစဉ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ရှာရမယ့်ကြယ်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ စိုက်ရမယ့်သစ်ပင်က ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ရေးရမယ့်အသားက ငြိမ်းချမ်းရေးပဲ

ထပ်တလဲလဲ ဆိုက်ရမယ့်ကမ်းက ငြိမ်းချမ်းရေးပဲ။

ကျွန်တော်တို့ ငြိမ်းချမ်းရေးမရသရွေ့ ဒီကဗျာလိုပဲ ထပ်တလဲလဲ ငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့ ကြိုးပမ်းမှုတွေ၊ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ အပေးအယူစေ့စပ်မှု တွေ၊ တစ်ယောက်နဲ့ တစ်ယောက် အတူတူ ကိုယ့်ရင်မှာ ရှိတဲ့အကြောင်းတွေ ကျွန်တော်တို့ ပြည်ထောင်စုသားချင်း တွေ အတူတူဝေမျှပြီးတော့ ရဖို့အတွက်၊ ရလဒ်ထွက်တဲ့ အထိလုပ်ကြရမယ်လို့ ကျွန်တော့်စိတ်ထဲ အဲဒီလို ခံစားပြီး တော့ ဒီကဗျာ၊ ဒီ Installation ၊ ဒီအနုပညာကို ကျွန်တော် ဖန်တီးဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ထပ်တလဲလဲ ကြိုးပမ်းရင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြီး ဖြောင့်ဖြူးပါစေ။ ဆရာရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆုတောင်းစကားသံကိုလည်း ကြားချင်ပါတယ်။

မောင်လင်းရိပ် ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် မမျှော်လင့်ဘဲ၊ ကျွန်တော်တို့ မတတ်နိုင်ဘဲ ဆက်ပြီး ကနေရတဲ့၊ ညီနောင်အချင်းချင်း စစ်ခင်းနေရတဲ့ အလွမ်းဇာတ်ကြီး မကြာခင်မှာပဲ ချုပ်ငြိမ်းပါစေ။ ကျွန်တော်တို့ ညီနောင်သားချင်းတွေ အတူတကွ ရှုမြင် ကြရမယ့် ရောင်စုံတောက်ပတဲ့ ငြိမ်းချမ်းရေး သက်တံကွေးကြီးကို ကျွန်တော်တို့ ရှုမြင်ခွင့် ရနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းချင်ပါတယ်။

အစီအစဉ်မှူး ။ ။ ဆရာကြီးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ စစ်ပွဲက ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်၊ အသက်အိုးအိမ် စည်းစိမ်တွေကို ပျက်သုဉ်းသွားအောင် ဖျက်ဆီးတယ်။ ဒီစစ်ပွဲတွေ မရှိပါမှ ကျွန်မတို့ဘ၀တွေ ရှင်သန်ကြီးထွားလာမှာပါ။ ဒါကြောင့် သာယာတဲ့ နိုင်ငံ တော်ကြီးဖြစ်လာဖို့ အခြေခံအကျဆုံးဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေ ပြည့်၀ပျော်ဝင်နေတဲ့ ဟောဒီငြိမ်းချမ်းရေးအတွက် ကျွန်မတို့တစ်တွေ ကြိုးစား ခဲ့ကြတယ်။ ကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုးစားတဲ့ နေရာမှာ စာပေ၊ ဂီတ၊ အနုပညာရှင်တွေဟာ ခေတ်အဆက်ဆက် စွမ်းစွမ်းတမံ အားထုတ်ခဲ့ကြတယ်။ ယုံကြည်ချက် ပြင်းပြခဲ့ကြတယ်။ အဘိုးမှိုင်း(ဆရာကြီး သခင်ကိုယ်တော်မှိုင်း) ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကြီးကို အောင်မြင် အောင် ကျွန်မတို့တွေ ဆက်လက်ပြီး ကြိုးစားမှာပါ။ ကျွန်မကဗျာလေးတစ်ပုဒ်နဲ့ နိဂုံးချုပ် ဆုတောင်းပါ့မယ်။

ရန်မရှာပြီ။ ။

ကြည်သာငြိမ်းချမ်း၊

အလှပန်းကို၊ လိုချင်စိတ်ဇော၊

မမောဘယ်ခါ၊ကြံလာဖန်ဆ၊

လက်ကလှမ်းချီ၊ညီစေချင်ကြောင်း၊

မီးမောင်းထိုးပေး၊အတွေးရင့်ရင့် ၊

ချင့်ကာချင့်ကာ၊ တည်ပါစေရေး၊

စိတ်နှင့်ရေးသည်။

ငြိမ်းချမ်းရေးသည် သွေးနီးမှ။

ဟုတ်ကဲ့၊ ကျွန်မတို့တွေအားလုံး ငြိမ်းချမ်းသာယာရှိကြပါစေရှင်။ ။

ဟန်ဇင်လှိုင်