ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) အောင်မြင်စွာ ကျင်းပပြီးစီး

 

နေပြည်တော် ၂၉  မေ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း  ဗဟိုဌာန -၂ (MICC-2) ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကျေးဇူးတင် စကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ အစိုးရ အစုအဖွဲ့၊ လွှတ်တော် အစုဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အစုအဖွဲ့ အသီးသီးမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ညီလာခံတွင် ဦးဆောင် သဘာပတိ အဖြစ် ဖြားတန်ခွန်ဥက္ကာက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ခွန်သိန်းဖေနှင့် ဦးဉာဏ်ဝင်းတို့က ဆောင်ရွက်ကြသည်။

 

သဘာပတိ ဖြားတန်ခွန်ဥက္ကာက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု ညီလာခံကြီးက စုစည်း ရရှိထားသည့် ကဏ္ဍအလိုက် သဘောတူ ဆုံးဖြတ်ချက် မူဝါဒများကို ဖတ်ကြားခြင်း အဆို တင်သွင်းခြင်းနှင့် ထောက်ခံခြင်းများကို ပြုလုပ်သွားရန် ဖြစ်ကြောင်း၊ ယင်းသည် NCA ၏ အခန်း (၅)ပါ ပြဋ္ဌာန်းချက် ပုဒ်မ - ၂ဝ အရ နိုင်ငံရေး လမ်းပြမြေပုံ၏ အဆင့် (၄) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ နောက်တဆင့်၊ အဆင့် (၅) ပြည်ထောင်စု စာချုပ် (PyiDaungsu Accord) ချုပ်ဆိုခြင်းဆိုသည့် လမ်းပြမြေပုံ အဆင့်တဆင့်ကို ထပ်မံ တက်လှမ်းလိုက်ခြင်းပင် ဖြစ်ကြောင်း၊ PyiDaungSu Accord အသက်ဝင်စေခြင်းလည်း ဖြစ်ကြောင်း၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ကို ခြေတစ်လှမ်း တိုးလာသည့် တိုးတက်မှု ဖြစ်စဉ် တစ်ရပ်ဟုလည်း ပြောနိုင်ပါကြောင်း။

 

NCA ပြင်ပကနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လက်တွေ့ အကောင်အထည် ဖော်ရာတွင် မပြည့်စုံဘဲ အားနည်းသည် စသဖြင့် ဝေဖန်နေကြသော်လည်း ညီလာခံ၏ အောင်မြင်မှု အရှိန်အဟုန်ကို ဟန့်တားနိုင်ကြမည် မဟုတ်ပါကြောင်း၊ ညီလာခံ၏ အောင်မြင်မှု အရှိန်အဟုန်ဟု ပြောလျှင် ပါဝင်သူအားလုံးကို ချီးကျူးဂုဏ်ပြုရန် လိုအပ်ပါကြောင်း၊ အထူးပြုရ မည့်အစုအဖွဲ့မှာ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့ပင် ဖြစ်ပါကြောင်း၊ တပ်မတော်၏ ပြောင်းလဲလာသည့် မူဝါဒနှင့် စိတ်နေသဘောထားများ၊ ငြိမ်းချမ်းရေးအပေါ် လေးလေးနက်နက် ရယူလိုသည့် သဘောထားများကြောင့်ပင် ယခုကဲ့သို့ ညီလာခံရလာဒ် ကောင်းများ ထွက်ပေါ်လာသည်ကို အကြိတ်အနယ်၊ အကျေအလည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးခဲ့ရသည့် မိမိ၏အတွေ့အကြုံအရ ရဲရဲပြောရဲပါကြောင်း၊ တပ်မတော်အစုအဖွဲ့ အနေဖြင့် နောက်ထပ် ဆက်လက်ပြီး ခိုင်မာတည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အတူတကွ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည့် အချိန်အထိ သဘောထား မပြောင်းလဲဘဲ တစိုက်မတ်မတ် ရပ်တည်လိုက်ပါမည်ဟု ယုံကြည်ပါကြောင်း။

 

ယနေ့ပွဲတွင် အချို့ EAO များ မပါဝင်ကြပါကြောင်း၊ ပြည်ထောင်စုထဲတွင် အတူတကွ နေထိုင်ကြရန် သန္နိဋ္ဌာန် ပြုထားကြသည့် တိုင်းရင်းသား ညီအစ်ကို အားလုံးသည် ယခု ညီလာခံတွင် သာမက ညီလာခံ အဆက်ဆက်တွင် အမြဲတစေ အတူတကွ ပါဝင်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက မိမိတို့ နောက်ထပ် အများကြီး အလုပ်လုပ်ရန် ကြိုးစားရန် လိုအပ်နေ သေးသည်ကို ညွှန်းဆိုနေပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကဏ္ဍအလိုက် မူဝါဒ သဘော တူညီချက်များကို တင်သွင်းကြရာ တပ်မတော်သား အစုအဖွဲ့ကိုယ်စားလှယ် ဦးခင်ဇော်ဦးက နိုင်ငံရေး ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် စောမြရာဇာလင်းက စီးပွားရေး ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကိုလည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ငံလင်းက လူမှုရေးကဏ္ဍ ဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားလှယ် ဦးအောင်စိုးတို့က မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း တင်သွင်းကြသည်။

ထို့နောက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးနိုင်ဆွေဦး၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ခင်သိန်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းထွန်း တို့က ကဏ္ဍအလိုက် တင်သွင်းသည့် အချက် ၃၇ ချက်ကို ထောက်ခံ ဆွေးနွေးကြသည်။

 

ယင်းနောက် သဘာပတိ ဖြားတန်ခွန်ဥက္ကာက ကဏ္ဍအလိုက် တင်ပြလာသော မူဝါဒ အဆိုပြုချက်များ ဖြစ်သည့် နိုင်ငံရေးကဏ္ဍ မူဝါဒ အဆိုပြုချက် ၁၂ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ အဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ အဆိုပြုချက် ၄ ချက် ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ မူဝါဒ အဆိုပြုချက် ၁ဝ ချက် စုစုပေါင်း ၃၇ ချက်အပေါ် အစိုးရ အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သား အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ထောက်ခံကြောင်း တင်ပြပြီး ဖြစ်သဖြင့် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုချက် အားလုံးကို တပေါင်း တစည်းတည်း အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးမှ အတည်ပြုထားသော သဘော တူညီချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကား ပြောကြားသည်။

 

လေးစားအပ်ပါသော အလှည့်ကျ သဘာပတိကြီးနှင့်တကွ သဘာပတိ အဖွဲ့ဝင်များ၊ ညီလာခံကိုယ်စားလှယ်ကြီးများ၊ အကျိုးဆောင်များ၊ အထောက်အကူပြု အဖွဲ့ဝင်များနဲ့ လေ့လာသူများရှင့်-

 

အခုဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးရဲ့ သဘော တူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord)ရဲ့ အစိတ်အပိုင်းအဖြစ် ညီလာခံ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေက လက်မှတေ် ရးထိုးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလ အတွင်း ဆွေးနွေး ညှိနှိုင်းမှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြပြီးတဲ့နောက် နောက်ဆုံး ဒီညီလာခံကြီးမှာ သဘော တူညီချက်တွေ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို စတင်ရောက်ရှိခဲ့ပါပြီ။

 

ပထမဆုံး အနေနဲ့ ပြောချင်တာကတော့၊ ဒီကနေ့ လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီ ချက်တွေဟာ "အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး" ဖြစ်ပါတယ်။ ဒီခြေလှမ်းလှမ်းနိုင်ဖို့၊ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ၊ စိတ်တက် ကြွစရာတွေ ကျော်ဖြတ်ပီးမှ အခုလို ရရှိလာခဲ့တာ ဖြစ်ပါတယ်။

 

သဘောထား ကွဲလွဲမှုတွေ၊ ရှုမြင်ချက် ကွာခြားမှုတွေ အမျိုးမျိုးရှိခဲ့ကြ ပေမယ့်လည်း ဘုံတူညီတဲ့ သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံ ဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံအုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင် ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။

 

ဒုတိယအနေနဲ့ ပြောလိုတာကတော့ ကျွန်မတို့ဟာ “မတူကွဲပြားမှုတွေ ကြားက စည်းလုံးညီညွတ်မှု ဘယ်လို ရယူနိုင်မလဲ ဆိုတာကိုစပြီး သင်ယူနိုင်ခဲ့ကြပါတယ်”။ တာတိုခရီးတွေမှာ ခွန်အားကြီးသူတွေက သာလွန်တတ်ကြပေမယ့် တာဝေးခရီးတွေမှာ စိတ်ဓါတ် ခိုင်မာသူတွေက အဓိကအောင်ပွဲဆင်လေ့ ရှိကြပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးမှာ ကျွန်မတို့ အားလုံးအတွက် ဒီစိတ်ဓါတ်ဟာ ခွန်အား ဖြစ်လာပါလိမ့်မယ်။ ဒီညီလာခံကြီးမှ ကျွန်မတို့ရခဲ့တဲ့ အတွေ့အကြုံများက ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ရှိနေကြတဲ့ သံသယစိတ်တွေကို ဖယ်ရှားပေးနိုင်မဲ့ စုစည်း ညီညွတ်မှု ရရှိရေးဘက်ကို ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

 

ကျွန်မတို့ အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မတို့ အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့်န ည်းလမ်းကို ရှာဖွေမှုစတင်ခဲ့ပါပြီ။ ကွဲလွဲမှုတွေအကြားက တူညီမှုတွေ ရှာဖွေနိုင်ဖို့ ဆိုတာ အမှန်တစ်ကယ်တော့ မလွယ်ကူလှပါဘူး။ ကျွန်မတို့နိုင်ငံလို လက်နက်ကိုင် ပဋိပက္ခတွေ နှစ်ပေါင်း (၇၀)နီးပါး ကြာရှည်ခဲ့ပြီ ဖြစ်တဲ့နိုင်ငံမှာ ပိုမိုပြီး ခက်ခဲနေခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

 

ဒီကနေ့မှာတော့ မတူကွဲပြားမှုတွေ အကြားမှာ ဘုံတူညီမှုတွေ ရှိနေတတ်တယ်ဆိုတာ သေချာသွား ခဲ့ပြီဖြစ်သလို ဘုံတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်း ဆွေးနွေးရှာဖွေ နိုင်တယ်ဆိုတာကို လက်တွေ့ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ ကုစားပေးနိုင်တယ်ဆိုတာ စိတ်ကူးယဉ်တာ မဟုတ်ဘူးဆိုတာကို ဒီကနေ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေက လမ်းပြပေးနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

 

တတိယအနေနဲ့ “ငြိမ်းချမ်းရေး ခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက် လျှောက်လှမ်းကြဖို့” တိုက်တွန်းချင်ပါတယ်။ ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းလို့ ဆိုရမယ့် သဘော တူညီချက်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးနိုင်တဲ့ ဖြစ်စဉ်ကို စဉ်းစားလိုက်ရင် အတွေးတွေ ဆက်ပေါ်လာပါတယ်။ ဒီပြည်တွင်းစစ်ကို ကျွန်မတို့ စတင်ခဲ့ကြတာ မဟုတ်ပေမယ့်လည်း အဆုံးသတ်နိုင်အောင် ကြိုးစားနေကြတာ ဘယ်သူတွေအတွက်လဲ။ ပြည်တွင်းစစ်မှာ အတိဒုက္ခရောက်နေကြရတဲ့၊ ကိုယ်ရောစိတ်ပါ လုံခြုံအေးချမ်းစွာနေချင်တဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူ ပြည်သားများရဲ့ စိတ်ချမ်းသာမှုအတွက် ရှေ့ကိုဆက်ပြီး လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်။

 

အာဃာတတွေ၊ နာကျည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ် ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ။ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို နှေးကွေးလေးလံ ယိုင်နဲ့စေမယ့် အဲဒီအာဃာတ တရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့အနေနဲ့ သွက်သွက် လက်လက် အားမာန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

ကျွန်မတို့ ဘယ်အထိလျှောက်ရဦးမလဲ မသိနိုင်သေးပါဘူး။ နေ့စဉ် နေ့တိုင်း စွန့်စားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်မတို့တွေ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လို စွန့်စားမှုမျိုးကိုမဆို ကြောက်ပြီး နောက်တွန့်နေလို့ မဖြစ်ပါဘူး။ ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ တိုးတက်ပြောင်းလဲမှုတွေက ကျွန်မတို့ ပြည်ထောင်စုရဲ့ မျိုးဆက်သစ်တွေကို စောင့်ဆိုင်းငဲ့ညှာနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီကနေ့စိုက်ပျိုးသမျှ နောင်လာနောက်သားတွေ အသီးအပွင့် ခံစားကြရမှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့လက်ထဲမှာ ကျွန်မတို့နိုင်ငံကို ပြည်တွင်းစစ်နဲ့ပဲ ထားခဲ့ကြမှာလား စဉ်းစားကြဖို့လိုပါတယ်။

 

ကျွန်မတို့ လက်ထက် စွန့်လွှတ်မှု၊ စွန့်စားမှုတွေနဲ့ ချလိုက်တဲ့ အုတ်မြစ်ပေါ်မှာ နောင်လာမယ့် သား၊ သမီး၊ မြေး၊ မြစ်တွေက ခိုင်မာတင့်တယ်တဲ့ နိုင်ငံကြီးကို ဆက်လက် တည်ဆောက်၊ မွန်းမံသွားကြ နိုင်စေချင်ပါတယ်။ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ကိုလည်း ကျွန်မတို့နဲ့အတူတစ်ကွ လက်တွဲ ပူးပေါင်းပြီး သမိုင်းတွင် ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်။

 

ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်မတို့နဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ၊ ဘုံသဘော တူညီချက်တွေ ရရှိလာအောင် အပင်ပန်းခံပြီး ပါဝင်ပေးခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက် အစုအဖွဲ့ဝင်များ၊ ညီလာခံ ကိုယ်စားလှယ်များနှင့် ပံ့ပိုး ကူညီခဲ့ကြသူအားလုံး၊ ကျွန်မတို့အပေါ် ယုံကြည်မှု၊ နားလည်မှုနဲ့ ထောက်ခံ ရပ်တည်ပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

 

နိုင်ငံတည်ဆောက်ခြင်း ဆိုတာဟာ အဆုံးမရှိတဲ့ လုပ်ငန်းစဉ်ပါ။ တစ်ဆင့် ပြီးမြောက်တာနဲ့ နောက်တစ်ဆင့်ကို စရပါတယ်။ ဒီပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကနေ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးရှာပုံတော် လမ်းကြောင်းပေါ်မှာ နောက်တစ်လှမ်း လှမ်းခဲ့ပါပြီ။ ဒီအစည်းအဝေး ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်တဲ့ နောက်ခြေတစ်လှမ်းရဲ့ အစကို သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

 

တိုင်းပြည်တစ်ပြည်ရဲ့ ငြိမ်းချမ်း တိုးတက်မှု ကျောရိုးကတော့ ပြည်သူတွေရဲ့ တည်မြဲတဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုရဲ့ သားသမီးအပေါင်းကို မေတ္တာ ရပ်ခံချင်တာကတော့ ငြိမ်းချမ်းရေးကို လိုလား တမ်းတကြောင်း စိုးစင်းမျှ သံသယမရှိနိုင် ရလောက်အောင် ပြသကြပါစို့။

 

ငြိမ်းချမ်းရေးအတွက် နှလုံးသားများကို ခိုင်မာစွာအပ်နှံကြပါစို့။

 

ကျွန်မတို့တွေဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံနယ်နိမိတ်ပေါင်းများစွာ ကျော်ဖြတ်ပြီး ငြိမ်းချမ်းရေးရဲ့ မိတ်ဆွေတွေ ဖြစ်တယ်၊ ငြိမ်းချမ်းရေး အတွက် မိတ်ဆွေ ဖွဲ့နိုင်တယ်ဆိုတာ ပြသကြပါစို့။

 

ကျွန်မတို့တွေဟာ ငြိမ်းချမ်းရေး ဖန်တီးရှင်တွေဖြစ်လာဖို့ သန္နိဋ္ဌာန်ချကြပါစို့လို့ ပြောရင်းနဲ့ နိဂုံးချုပ် အပ်ပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ယင်းနောက် သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဒုတိယအကြိမ် ညီလာခံကြီးမှ ရရှိခဲ့သည့် သဘော တူညီချက်များကို ကြည့်ပါက ဒီမိုကရေစီနှင့်  ဖယ်ဒရယ် စနစ်ကို အခြေခံသည့်  ပြည်ထောင်စု တည်ဆောက်ရေး အတွက် အခြေခံရမည့်မူများကို စတင် ဆွေးနွေးနိုင်ခဲဲ့ပြီး အချို့အချက်များကို သဘောတူနိုင်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအချက်များသည် အနာဂတ် အတွက် အရေးပါသည့် ခြေလှမ်းများ ဖြစ်ပါကြောင်း။

 

ဖက်ဒရယ် စနစ်ဆိုင်ရာ သဘော တူညီချက် အားလုံးကို ယခု အစည်းအဝေးတွင် တစ်ထိုင်တည်း မရနိုင်ခဲ့သော်လည်း အရေးကြီးသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး တို့အတွက် အာဏာ ခွဲဝေရေးမူကို မိမိတို့ သဘော တူညီနိုင်ခဲ့ ကြပါကြောင်း၊ ယခုအဆင့်အထိ လွယ်လွယ်နှင့် ရောက်လာခဲ့ကြခြင်း မဟုတ်ပါကြောင်း၊ မိမိ တို့တိုင်းပြည်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြားတွင်  အယူအဆများ မတူသည့် အပေါ် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ခဲ့ကြပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ကြာရှည် လာသည့်နှင့် အမျှ တစ်ဖက်နှင့် တစ်ဖက်  မယုံကြည်မှုများ ပိုမို တိုးပွားလာပါကြောင်း၊ မယုံကြည်မှုများကြောင့် ဖယ်ဒရယ်ဆိုသည့် အသုံးအနှုန်းကို ပြောရန်ပင် အခက်အခဲ ရှိခဲ့ကြပါကြောင်း။

 

ဖယ်ဒရယ် ဆိုသည့် စကားလုံးကို ပြောဆိုရန် ခက်နေသည့် အခြေအနေမှ ယခု ညိီလာခံကြီးတွင် ဒီမိုကရေစီ ဖယ်ဒရယ် စနစ်ကို  ဦးတည်သွားရန် အခြေခံမူများကို ဆွေးနွေးနိုင်ခဲ့ပြီး အချို့အချက်များကို သဘောတူနိုင်သည့် အခြေအနေ အထိ  ရောက်ခဲ့သည် ဆိုသည်မှာ မိမိတို့ နိုင်ငံငြိမ်းချမ်းရေး အတွက် ကြီးမားသည့် တိုးတက်မှု တစ်ခုဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသား  ညီအစ်ကို မောင်နှမများ အကြား အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု တည်ဆောက် နိုင်ခဲ့သည် ဆိုသည့် ပြယုဂ်တစ်ခု ဖြစ်ပါကြောင်း။

 

ယနေ့ မိမိတို့ ရောက်ရှိနေသည့် နိုင်ငံရေး အခင်းအကျင်းသည် မြန်မာပြည်တွင် တစ်ခါမှ မရှိခဲ့ဘူးသည့် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ပင် ဖြစ်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုကို အခြေခံသည့် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ဖြစ်ကြောင်း၊ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီးတွင် နက်နက်ရှိုင်းရှိုင်း အမြစ် တွယ်နေသည့် နိုင်ငံရေး ပဋိပက္ခများကို ဆွေးနွေး အဖြေရှာသကဲ့သို့ ပစ်ခ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ ကော်မတီတွင် မြေပြင်၌ ဖြစ်နေသည့်  အောက်ခြေ ပြဿနာများကို အဆင့်တိုင်းတွင်  တွေ့ဆုံဆွေးနွေး ခြင်းဖြင့်  ဖြေရှင်းနေကြခြင်း ဖြစ်ပါကြောင်း၊ ယခု အခင်းအကျင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းသစ် ဖြစ်ပါကြောင်း။

တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အပြင်ဘက် ရောက်နေသည့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါနိုင်အောင် ကြိုးစား ဆောင်ရွက် နေပါကြောင်း၊ အားလုံးပါဝင်ရေးကို ကြိုးပမ်းနေစဉ်မှာပင် ပါဝင်ပြီးသူများနှင့် ရှေ့ကို ခရီးဆက်နိုင်ရန်ကိုလည်း  ကြိုပမ်းကြရမည် ဖြစ်ပါကြောင်း၊ ယခု ဖြစ်စဉ်သည် လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိသည့် နိုင်ငံတိုင်းတွင် ကြုံတွေ့ကြရသည့် စိန်ခေါ်မှု ဖြစ်ပါကြောင်း၊ ယင်းအခက်အခဲများကို  ကျော်လွှားနိုင်ရန် ကျန်ရှိနေသည့် အဖွဲ့အစည်းများကိုလည်း  အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ရန်ပုံငွေ အတွက် မြန်မာ့စီးပွားဘဏ် (နေပြည်တော်)၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဘဏ်စာရင်း စတင် ဖွင့်လှစ်ခဲ့ရာ ၂ဝ၁၇ ခုနှစ် မေ ၁၉ ရက်အထိ လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၁၅ ဒသမ ၄၅ ဘီလီယံကျော်ကို အလှူရှင် ၁၅ဝ ဦးကျော်တို့က ပါဝင် လှူဒါန်းခဲ့ကြောင်းနှင့် အနည်းဆုံး လှူဒါန်းငွေမှာ ငွေကျပ် ၃၀ဝ၀ ဖြစ်ပြီး အများဆုံး လှူဒါန်းသည့် ငွေကျပ်မှာ ၃ ဘီလီယံကျော် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)