ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

နေပြည်တော် ၁  စက်တင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံးရဲ့ ကောင်းမွန်ပြည့်စုံတဲ့ အနာဂတ် ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးချမှတ်ကြမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအခမ်းအနားကြီးမှာ ယခုလို နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ အခမ်းအနားကို တက်ရောက်လာကြသူများအားလုံးနဲ့ ပြည်ထောင်စုသား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ''နှလုံးစိတ်ဝမ်း အေး ချမ်းကြပါစေ''လို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရရှိခဲ့တာဟာ ယခုဆိုရင် ၆၈ နှစ်ကျော်ခဲ့ပြီဖြစ်လို့ လူ့သက်တမ်းတစ်ခုနီးပါးတိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီအချိန်ကာလနဲ့ ညီမျှတဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရရှိသေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အကြောင်းရင်းကို ဆန်းစစ်ကြည့် မယ်ဆိုရင်''ပြည်တွင်းငြိမ်းချမ်းရေး'' တစ်နည်းအားဖြင့် တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းဟာ အဓိကကျတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်တယ်ဆိုတာ ငြင်းကွယ်လိုမရတဲ့ အရှိတရားပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချမှတ် ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများ ကွဲပြားခြားနားကြသော်လည်း ''တစ်မျိုးသားလုံး ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေး''အတွက် အစဉ်တစိုက် ဦးတည်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြ တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးပြည့်စုံတဲ့ စုစည်းညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို မတည်ဆောက်နိုင်သော်လည်း ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးကြိုးပမ်းမှု ရလဒ်မှတ်တိုင်များကိုတော့ အသီးသီး စိုက်ထူနိုင်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနိုင်ခဲ့ခြင်းနဲ့ ဒီကနေ့အခမ်းအနားကြီး ကျင်းပပြုလုပ်နိုင်ခြင်းတို့ဟာလည်း လက်ရှိလျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီခေတ်ကာလ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်မှုများရဲ့ အောင်မြင်မှုရလဒ်များပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုတည် ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ယုံကြည်ချက်၊ ခံယူချက်နဲ့ သဘောထားအမြင်တွေ ဘယ်လောက်ပဲ ကွဲပြားခြားနားနေပါစေ ''ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်'' အပေါ် အရင်းခံပြီး ကျွန်တော်တို့ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ရဲ့အနိဋ္ဌာရုံ တွေ၊ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးတွေကို ပင်ပန်းဆင်းရဲမှု၊ သွေး၊ ချွေး၊ အသက်ခန္ဓာပေးဆပ်မှုတွေ၊ ဘဝတွေနဲ့ရင်းပြီး တိုက်ရိုက်ခံစား ရသူတွေဟာ ကျွန်တော်တို့ တပ်မတော်သားများနဲ့ တိုင်းရင်း သားလက်နက်ကိုင် ညီနောင်သားချင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လက်ထက်မှာ နိဋ္ဌိတံအဆုံးသတ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးကို ကျွန်တော် တို့အားလုံးရဲ့ စုစည်းညီညွတ်မှုစွမ်းအားနဲ့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း အလေး အနက် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် တပ်မတော်အနေနဲ့ ''ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်''အပေါ် အရင်းခံပြီး ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ် အခြေခံပြီး နိုင်ငံရဲ့ပကတိလိုအပ် ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ (၃) ရပ်အပေါ်မှာ ရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနဲ့ လက်တွဲပူးပေါင်းပါဝင်လုပ် ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ် များအောင်မြင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားပါမယ်။ ဖြစ်နိုင် သည်များအားလုံးလည်း ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ် လျှောက်မှာ တွေ့ကြုံသိမြင်ခံစားခဲ့ရတာတွေကို လက်ရှိ အခြေအနေတွေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်တားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံ အချက်အလက် များပဲဖြစ်ပါတယ်။ ဒီမူဝါဒတွေကို နှစ်ဦးနှစ်ဖက်ပူးပေါင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိ စေဖို့ အထောက်အကူ ပြုသည့်အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အားကောင်းစေမှာပဲ ဖြစ်ပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ ညီလာခံကြီး ဖြစ်မြောက်လာဖို့ အတွက် လူပုဂ္ဂိုလ်မျိုးစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့ဟာ အချိန်၊ လုပ်အား၊ ငွေကြေးများစွာသုံးစွဲပြီး တွေ့ဆုံညှိနှိုင်းမှု၊ ဆွေးနွေး မှုတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကြိမ်ဖန်များစွာ လုပ် ဆောင်ခဲ့ရတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့ အစည်းအသီးသီးရဲ့ မတူကွဲပြားခြားနားတဲ့ ရပ်တည်ချက်များ၊ သဘောထားအမြင် များနဲ့ လိုလားချက်ဆန္ဒများစွာတို့ကို အကြိမ်ကြိမ်အခါခါ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာပြီးမှ လက်ရှိအခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဖွဲ့အစည်းအသီးသီးမှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်၊ ချမှတ်ထားတဲ့မူဝါဒရပ်တည်ချက်တွေရှိကြမှာပဲ ဖြစ်ပါတယ်။

ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ကြရာမှာ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျနိုင်တာတွေလည်း ရှိပါလိမ့်မယ်။ အဲဒီအခါမှာ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်း၊ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံများ၊ အမျိုးသားရေး စရိုက်လက္ခဏာများ၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခြေ အနေများ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေအပေါ်မူတည်ပြီး ဖြစ်နိုင်တာ၊ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို မှန်မှန်ကန်ကန် သုံးသပ် လုပ်ဆောင်ကြဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာထူထောင်နိုင်ဖို့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ကျင့်စဉ်များ ကို ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲပြီးကတည်းက အရှိန်အဟုန် နဲ့ ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီလမ်း ကြောင်းကို လျှောက်လှမ်းဖို့အတွက် ၂ဝ၁၁ ခုနှစ်မှာ ကတည်း က ပြည်သူကရွေးချယ်တဲ့ အစိုးရထံကို စနစ်တကျလွှဲပြောင်းပေး အပ်ခဲ့ပါတယ်။ ယခုဆိုရင် ပထမ (၅) နှစ်သက်တမ်းကို လွန် မြောက်လို့ ဒုတိယ (၅)နှစ် သက်တမ်းကိုဆက်လက်လျှောက် လှမ်းနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း လိုအပ်ချက်များကို နိုင်ငံရေးလမ်းကြောင်းအရ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်လမ်းကြောင်းများကသာ ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုရယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များဖွဲ့စည်းခွင့် စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လို ချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမို ကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယခုအခါမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါတယ်။ ဒီလမ်းကြောင်းဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးချယ် လျှောက်လှမ်းခြင်းဖြစ်ပြီး ဒီစနစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ခိုင်ခိုင် မာမာရှိဖို့လိုပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံတချို့ ရဲ့ဖြစ်ပေါ်မှုများအပေါ်မှာ သင်ခန်းစာရယူပြီး ကျွန်တော်တို့ နိုင်ငံဟာ တည်ငြိမ်အေးချမ်းစွာနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်ပါ တယ်။ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒက တိုင်းရင်းသား ပြည်သူ အားလုံးအတွက် ညီညွတ်မျှတတဲ့ လူမှုစီးပွားဘဝလုံခြုံရေးနဲ့ အာမခံချက်ရရှိရေးဟာ အဓိကဖြစ်ပါတယ်။ အေးချမ်းစွာ နေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိ ဘဝတိုးတက်ရန်ဖြစ်ပါတယ်။ ပြည်နယ်ကြီး/ငယ်၊ ဒေသကြီး/ ငယ်၊ လူဦးရေများခြင်း/ နည်းခြင်း၊ သယံဇာတများခြင်း/ နည်းခြင်း၊ လူမှုစီးပွားကွာခြားခြင်းတို့အပေါ် အခြေခံမှု လုံးဝ မပြုလုပ်ဘဲ တိုင်းရင်းသားအားလုံးညီညွတ်မျှတတဲ့ အကျိုး ခံစားရဖို့ ဆောင်ရွက်ကြရပါမယ်။ ကွဲပြားခြားနားမှုမရှိ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အချိန်တော့ ပေးရပါလိမ့်မယ်။ မိမိတို့ လိုလားချက်ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရပါမယ်။

ဒီနေ့ကျင်းပတဲ့ညီလာခံကြီးဟာ လပေါင်းများစွာ အချိန်ယူဆောင်ရွက်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ၊ တွေ့ဆုံမှုတွေနဲ့ အကြိမ်ကြိမ် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခဲ့ခြင်းရဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ကျွန်တော်တို့ရဲ့ အားသာချက်ကတော့ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးနိုင်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ရှိနေခြင်းဖြစ်ပါတယ်။ ဒီစာချုပ်မှာပါတဲ့ အချက်အလက်အများစုဟာ စာချုပ်ရေးဆွဲတဲ့ ကာလတစ် လျှောက် အတူတကွပါဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ရဲ့ တောင်းဆိုချက်တွေကို အဓိကအခြေခံထားရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုပြန်လည်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံနဲ့ ဆက်လက် ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဒီNCA ကိုပဲ အခြေခံမူ အဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။  ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုး စီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာ ထက်ထက်သန်သန် နဲ့ အချိန်တိုအတွင်း အကောင်အထည်ဖော်ကြဖို့ အကြံပြုလို ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လိုအပ်တာထက် ပိုပြီးအချိန်ကြာလာရင် ဘေးပယောဂတွေ၊ ဝင်ရောက်စွက် ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ် လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲယုံကြည်မှု တည်ဆောက်ပြီးသား အရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြားလာနိုင်ခြင်းတို့ကြောင့် ယခုလို အကြံပြုပြောကြားရခြင်းဖြစ်ပါတယ်။

ဒီညီလာခံခန်းမတွင်းမှာ ရောက်ရှိနေကြတဲ့ ကျွန်တော် တို့တစ်တွေရဲ့ တာဝန်ဟာ အလွန်ကြီးမားလှပါတယ်။ ကျွန်တော် တို့အပေါ် တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်ဟာလည်း မြင့်မား လှပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒ စွဲစတဲ့ အစွဲအလမ်းတွေ ကင်းရှင်းစွာနဲ့ အောင်မြင်ပြီးမြောက် သည်အထိ တာဝန်ယူဆောင်ရွက်ကြမည့်သူများအဖြစ် ပြည်သူ တို့က အသိအမှတ်ပြုခံထားရသူတွေလည်း ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးကို ရရှိစေနိုင်မယ့်သဘောတူညီမှုတွေကို ဆွေးနွေးညှိနှိုင်း ရရှိမယ် လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့ အင်အားဟာ ပြည်တွင်း မှာသာရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးဟာ ညီရင်းအစ်ကိုများဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေကို ပြည် ထောင်စုစိတ်ဓာတ်ပေါ်အခြေခံပြီး ညှိနှိုင်းအဖြေရှာ သွားရမှာ ဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ သံသယစိတ်တွေကို ယုံကြည်မှုတည် ဆောက်ခြင်းဖြင့် ဖယ်ရှား သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် အဓိကနှလုံးသွင်းကြရမယ့် အချက်နှစ်ချက်ကတော့ ''တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ်ကျင့်သုံးခြင်း'' နဲ့ ''ထာဝရငြိမ်းချမ်းရေးရယူရန် အတွက် အမှန်တကယ် ဆန္ဒရှိခြင်း'' တို့ပဲဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။