ပြည်သူနှင့် သတင်းမှန် ပြန်ကြားရေး


ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုက ကာလရှည်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ ပြည်သူလူထုအတွင်း စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ၊ စီးပွားရေးအရ ထိခိုက်နစ်နာမှု များတို့နှင့် ကြုံတွေ့နေကြရပါသည်။

ဤသို့သော ထိခိုက်နစ်နာမှုများ၊ စိတ်ဖိစီးခံစားရမှုများတွင်  သတင်းတု၊ သတင်းယောင်များ၏ အန္တရာယ်ကလည်း ပြည်သူတို့ကို ပိုမိုလေးလံစေကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။

အခါအခွင့်သင့်တိုင်း ကြေညာတင်ပြခဲ့သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ ဌာနဆိုင်ရာအသီးသီးက တရားဝင်ထုတ်ပြန်ထားသည့် သတင်းများကို ဂရုစိုက် ဖတ်ရှုလိုက်နာခြင်းဖြင့် သိသင့်သိထိုက်သော သတင်းမှန်များနှင့် အတူလိုက်နာသင့်လိုက်နာထိုက်သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ပြဋ္ဌာန်းလိုက်သော အရေးပေါ်ဥပဒေများ၊ ထုတ်ပြန်ကြေညာသော အကြံပြုချက်များ စသည်တို့ကို ကျကျနန လေ့လာနိုင်မည် ဖြစ်ပါသည်။

ယင်းနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် -

“သတင်းစာဖတ်တယ်ဆိုရင် သတင်းစာထဲမှာ ကြေညာချက် တွေအားလုံးပါပါတယ်။ တရားဝင် ထုတ်ပြန်ထားတာ၊ ဌာနအသီးသီးက ထုတ်ပြန်ထားတာ၊ နောက်ပြီးတော့ ကျန်းမာရေး အထူးပြုပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေ၊ အဲဒါကြောင့်လည်း (သတင်းစာကိုပဲ ကြည့်စေချင်ပါတယ်။ နောက်တစ်ခုကလည်း ဖေ့စ်ဘုတ်တို့၊ တယ်လီဖုန်းတို့ကနေတစ်ဆင့် ကြည့်နိုင်တဲ့ဟာတွေရှိတာပဲလို့ တချို့ကထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတစ်ခါတလေလည်း မပြည့်စုံတာ (ရှိနိုင်ပါတယ်)။... အဲဒါကြောင့် သတင်းစာဖတ်စေချင်တယ်။” ဟု ပြောခဲ့ပါသည်။

အချို့သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့သည် တိတိကျကျ ရေးသားထုတ်ပြန်ရသည် ဖြစ်သောကြောင့် စာနှင့်ပေနှင့် တိတိကျကျ ဖတ်ရှုခြင်းက ပိုမို၍ ဂဃနဏ သိရှိနားလည် နိုင်ပေလိမ့်မည်ဟု မြင်ပါသည်။ ထိုသို့သော သတင်းစာများပါ ကျန်းမာရေးဆိုင်ရာသတင်းများ ကြေညာထုတ်ပြန်ချက်များသာမက၊ အခြားသော ဖတ်ရှုသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းမိန့်ဆိုသွားခဲ့ပါသည်။

“ဒီအပြင်လည်း ဘာဖြစ်လို့ သတင်းစာတွေကို ဖြစ်နိုင်ရင် ဖတ်စေချင်လဲဆိုတာ အခုတလောဆိုရင် ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ ပတ်သက်ပြီးတော့ ဆောင်းပါးတွေ၊ ဘာတွေ အများကြီး သတင်းစာထဲမှာ ပါပါတယ်။ နိုင်ငံတော် သတင်းစာတွေထဲမှာပေါ့။ တခြားဂျာနယ်တွေ ဘာတွေမှာလည်း ပါမှာပါ။ နောက်အရင် တစ်လောကဆိုရင် မြန်မာ့ရုပ်ရှင်ရာပြည့်၊ အဲဒီလိုဆောင်းပါးတွေဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်၊ ဗဟုသုတလည်း ရတယ်။ အခုလို အိမ်မှာနေရတဲ့ အချိန်မှာ၊ ကိုဗစ်ကာလကြောင့် အပြင်မထွက်နိုင်တဲ့ အချိန်မှာဆိုရင် ဒီလိုဟာတွေ ဖတ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို အများကြီးသိနိုင်ပါတယ်။ ရုပ်ရှင် ရာပြည့်ဆိုတာ ရုပ်ရှင်တစ်ခုတည်းအကြောင်း မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ အနုပညာအကြောင်း ဖြစ်ပါတယ်” စသည်ဖြင့် ပြောခဲ့ပါသည်။

သတင်းစာများက ခေတ်ကို ကိုယ်စားပြုပြောဆိုနေပါသည်။ ပြည်သူလူထု၏ လက်ငင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးရာဖြစ်စေ၊ စီးပွားရေး၊ ယဉ်ကျေးမှုရေးရာ၊ ယနေ့ကာလဆိုလျှင် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဥပဒေ စည်းမျဉ်းများ စသည့် သိသင့်သိထိုက်သည်တို့ကို ဖော်ပြနေသကဲ့သို့၊ အခြားသော ပြည်သူတို့ သိချင်ကြ၊ သိလိုကြသည် တို့ကိုလည်း ရှာဖွေဖော်ပြရပါသည်။

ယနေ့ ပြည်သူတို့ ကိုယ်တိုင်ဖြတ်သန်းနေသည့် ပစ္စုပ္ပန်သည် အနာဂတ်တွင် သမိုင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်မည်ဖြစ်ရာ မှန်ကန်မျှတ လေးနက်ကာ နိုင်ငံအတွက် ပြည်သူလူထုအတွက် အကျိုးများစေမည့် သတင်း၊ ဆောင်းပါးနှင့် ဖော်ပြချက်များကို ဖော်ပြနိုင်ရန် သတင်းစာများက ကြိုးစားအားထုတ်နေပါကြောင်း တင်ပြလိုက်ပါသည်။     ။
မြန်မာ့အလင်း