ပြည်သူလူထုအကျိုးအတွက် ပြောင်းလဲပြင်ဆင်

ပြည်သူလူထုသည် ပြည်သူတို့၏ လူမှုဘဝမြင့်မား တိုးတက်ရေး အတွက် အပြောင်းအလဲကို အလိုရှိကြသည်။ အပြောင်းအလဲကို အလိုရှိသည့် ဆန္ဒအတိုင်း အပြောင်းအလဲများအား ဖော်ဆောင်ပေးမည့် ပြည်သူ့အစိုးရကို တစ်ခဲနက် ထောက်ခံရွေးချယ် ခဲ့ကြသည်။ ပြည်သူ့အစိုးရ နိုင်ငံ့တာဝန်ယူပြီး ပြည်သူလူထု၏ တိုးတက်ပြောင်းလဲလိုသော ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲမှုများ၊ အပြောင်းအလဲများကို အမျိုးမျိုးဖော်ဆောင်ခဲ့သည်။

မျက်မှောက်ကာလတွင် နိုင်ငံ၏ပကတိ လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အားကြိုးမာန်တက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် အဓိကလိုအပ်ချက်မှာ ယုံကြည်မှုပင်ဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူလူထု အကြား သံသယစိတ်များကင်းစင်ကာ ခိုင်မာသည့်ယုံကြည်မှုဖြင့် ရည်မှန်းချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည် ဖြစ်သည်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး အတွက်လည်းကောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မခွဲခြားဘဲ ဒီမိုကရေစီ အသီးအပွင့်များကို မျှဝေခံစားနိုင်ရန်အတွက် လည်းကောင်း ပြုပြင်ပြောင်းလဲမှု ကဏ္ဍအမျိုးမျိုး တို့ကို အကောင်အထည်ဖော်ရင်း ဒီမိုကရေစီကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

ယနေ့နိုင်ငံတော်တွင် အာဏာတည်နေသည်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်မတော်အစိုးရလက်ထက်တွင် ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ပထမအကြိမ် လွှတ်တော်သက်တမ်း၌ ပထမကြိမ်ပြင်ဆင်ခဲ့ပြီး ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးကို လွှတ်တော်အတွင်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်။

ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရေး အတွက် အမိန့်ကြော်ငြာစာမူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဦးတည်ချက် ငါးရပ်၊ တာဝန် ၁၄ ရပ်၊ လုပ်ပိုင်ခွင့် ခြောက်ရပ်၊ လုပ်ထုံးလုပ်နည်း လေးရပ်၊ ရပိုင်ခွင့် လေးရပ်တို့ပါရှိပြီး ပူးပေါင်းကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် အချိန်မှ အစီရင်ခံစာ တင်သွင်းခြင်း၊ ယင်းအစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခြင်းတို့ကို ဆောင်ရွက်ပြီးမြောက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်အား ပြုစုရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီးသည်အထိ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်၏ အဓိကအကျဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက်ရေးကိုသာ ယခုလက်ရှိ ဦးတည်ဆောင်ရွက်နေခြင် းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံ၏အရေးကြီးသော အသက်ဝိညာဉ်ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူကို ခေတ်ကာလအခြေအနေနှင့် ကိုက်ညီစွာ အကျိုးပြုနိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ရန် လိုအပ်ပေသည်။

သို့ဖြစ်ရာ ယခုဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးသည် ဖြတ်လမ်းနည်းဖြင့် ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း လည်းမဟုတ်၊ တစ်ပါတီ၊ တစ်စုတစ်ဖွဲ့မှ ဆောင်ရွက်ခြင်းလည်း မဟုတ်သဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ် အမှန်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို အားလုံးအတူတကွ ပူးပေါင်းပါဝင်၍ ဥပဒေနှင့် အညီ စနစ်တကျကြိုးပမ်း အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။   ။
(ကြေးမုံ)