ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂၅  ဇွန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အီတလီ-မြန်မာနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေမှုများ၊ မြန်မာနိုင်ငံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရာတွင် နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။

(သတင်းစဉ်)