ပြည်သူ့စစ်ဌာနေ အဖွဲ့အစည်းများ ထပ်မံဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြောကြား

နေပြည်တော် ၃၀ ဇန်နဝါရီ

 

တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ဌာနေအဖွဲ့များ၊ ဒေသခံများနှင့် ပူးပေါင်းပြီး ဘူးသီးတောင်နှင့် မောင်တောဒေသတို့မှာ နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့အပြင် နယ်စပ်ဒေသလုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့များနဲ့ အတူ တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိတဲ့အတွက် လတ်တလောမှာ ပြည်သူ့စစ်ဌာနေအဖွဲ့များ ထပ်မံ ဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကာကွယ်ရေး ဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်နဲ့အတူ ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း မေးမြန်းတဲ့ မောင်တောမြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေးအားနည်းသည့်နေရာနှင့် လုံခြုံရေးလုံးဝမရှိသည့် ဒေသခံတိုင်းရင်းသား ကျေးရွာများ၌ ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

မောင်တောမြို့နယ် မြင်းလွတ်ရဲကင်းစခန်းကို နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ဖို့နဲ့ ခမောင်းဆိပ် နယ်မြေရဲစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီးဖြစ်တဲ့အတွက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

 

ဘူးသီးတောင်၊ မောင်တောဒေသထဲမှာ ရဲတပ်ဖွဲ့ဝင်အင်အားများ ထပ်မံတိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဥပဒေကို ညှိနှိုင်းပေါင်းစပ် ရေးဆွဲလျက်ရှိတယ်လို့ ဆိုပါတယ်။

 

အလားတူ ပြည်သူ့စစ် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး လုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့စစ်ဌာနေအဖွဲ့ ၅၉၆ ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

 

ဘူးသီးတောင်နှင့် မောင်တောနယ်မြေတွေမှာတော့ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့ ဖွဲ့စည်းထားရှိပြီး အဆိုပါ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့အနက်က ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင်ကျေးရွာတွေမှာရှိတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ သုံးဖွဲ့ကို လက်နက်များ တပ်ဆင်ပေးပြီး လေ့ကျင့်ရေးကျည်များ တောင်းခံကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကနေ မတ်လအထိ မွမ်းမံသင်တန်းကို လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့လည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် မောင်တောမြို့နယ်မှာ မြင်းလွတ်နယ်မြေရဲစခန်းနဲ့ ခမောင်းဆိပ်နယ်မြေ ရဲစခန်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ဘူးသီးတောင်၊ မောင်တောဒေသမှာ လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေအဖွဲ့ သုံးဖွဲ့အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့ဖြင့် နယ်မြေလုံခြုံရေး၊ နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့ပါတယ်။

 

အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ နယ်မြေမှာရှိတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် တွေမှာ နယ်မြေရဲစခန်းနဲ့ ရဲကင်းစခန်း ၁၆၅ ခု ဖွင့်လှစ်ထားရှိပြီးတော့ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

 

မျိုးထက်ဦး (MDN)